ကလောမြို့နယ်၊ ဟဲဟိုးမြို့ ဆေးရုံဝန်းအတွင်း တပ်ဝင် နေရာယူမှုကို မြို့လူထုက ကန့်ကွက်သဖြင့် သေနတ် ပစ်ဖောက်ကာ ဒေသခံ ၃၀ ကျော်ကိုလည်း ထိန်းသိမ်းထားကြောင်း သိရသည်။
.
ယနေ့ မတ်လ ၉ ရက်၊ ညနေ ၄ နာရီခန့်တွင် ဟဲဟိုးဆေးရုံသို့ စစ်ကားများ ရောက်ရှိလာပြီး ဆေးရုံဝင်းအတွင်း နေရာယူ တပ်စွဲမှုကို ဟဲဟိုးမြို့လူထုက ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။
.
ယင်းကဲ့သို့ ကန့်ကွက်မှု ပြုလုပ်သည့် လူထုကို စစ်တပ်က အနည်းဆုံး သေနတ် ၁၀ ချက်ခန့် ပစ်ဖောက် လူစုခွဲကာ လူ ၃၀ ကျော်ကို ဆေးရုံ အနီးရှိ ကျောက်တိုင်ကွင်း အတွင်း၌ ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သိရသည်။
.
" လူထုက စုဝေး မနေပေမယ့် ဖမ်းဆီးခံရသူတွေ ပြန်လွှတ်ပေးရေး တောင်းဆိုဖို့ လုပ်နေတာတွေ့ရတယ်။" ဟု အဆိုပါ နေရာသို့ ရောက်ရှိနေသည့် ကမ္ဘောဇတိုင်း သတင်းထောက်က ပြောသည်။
.
လက်ရှိတွင် ဟဲဟိုးတိုက်နယ်ဆေးရုံ ဝဲယာ ပြည်ထောင်စုလမ်းမကြီးပေါ် ကိုက် ၅၀၀ခန့်အတွင်း စစ်တပ်နှင့် ရဲမှ ပိတ်ဆို့ထားကြောင်း သိရသည်။