.
အာဏာသိမ်း စစ်တပ်၏
လုပ်ဆောင်နေမှုများကို အပြင်းအထန်ရှုတ်ချကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ
အထူးကိုယ်စားလှယ် Christine Schraner Burgener က ယနေ့ မတ်လ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်ဟု
သိရသည်။
.
မြန်မာစစ်တပ်သည်
ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာမှ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန်၊
ဆွေးနွေးဖလှယ်ရန်နှင့် လူ့အခွင့်အရေးများ၊ အခြေခံ လွတ်လပ်ခွင့်များကို လေးစားရန် တိုက်တွန်း
ပြောဆိုနေမှုများ အား ဆန့်ကျင်ဖီဆန်လျက် နိုင်ငံတွင်း သွေးထွက်သံယိုမှုများ၊ သေကြေဒဏ်ရာရမှုများ
ဖြစ်ပွားအောင် ဆက်လက် လုပ်ဆောင်နေမှုများကို အပြင်းအထန်ရှုတ်ချကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏
မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
.
အထူးကိုယ်စားလှယ်သည်
ပြီးခဲ့သည့် စနေ၊ တနင်္ဂနွေနေ့ရက်များတွင် စိတ်နှလုံးကြေကွဲဖွယ်ကောင်းလှသည့် ဆန္ဒပြ
သူများအား သတ်ဖြတ်မှုများနှင့် မလျော်မကန်ဆက်ဆံမှုများ၊ ဖမ်းဆီးထိန်းသိမ်းထား သူများအား
နှိပ်စက်ညှင်းပန်းမှု များကို မြန်မာနိုင်ငံရှိ သူမနှင့် အဆက်အသွယ်ရှိသူများထံမှ ကိုယ်တိုင်
ကြားသိခဲ့ရပါကြောင်း၊ ကျန်းမာရေး ဝန်ထမ်းများအပေါ် ကျူးလွန်မှုများနှင့် အများပြည်သူဆိုင်ရာ
အခြေခံ အဆောက်အအုံများကို ဖျက်ဆီးမှုများအပါအဝင် ဆက်လက်ဖြစ်ပွားနေသည့် လူမဆန်သောလုပ်ရပ်များသည်
ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု ရရှိစေရေး အလားအလာ များကို ပြင်းထန်စွာ ထိခိုက် လျော့ပါးစေလျက်ရှိကြောင်း၊
ဒေသတွင်းမှလုပ်ဆောင်သူများအပါအဝင် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် မြန်မာပြည်သူများနှင့်အတူ
တစ်သားတည်းရပ်တည်၍ ၎င်းတို့၏ ဒီမိုကရေစီအား လိုလား တောင့်တမှုများအတွက် အတူတကွ ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း
ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
ပြီးခဲ့သည့် ဖေဖော်ဝါရီလ
၁ ရက် စစ်အာဏာသိမ်းယူပြီးနောက် မြန်မာနိုင်ငံတစ်ဝှမ်းတွင် စစ်အာဏာရှင် ဆန့်ကျင် ဆန္ဒပြမှုများ
ဖြစ်ပွားလျက်ရှိရာ အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုများကြောင့် ယမန်နေ့
မတ်လ ၁၄ ရက်အထိ အနည်းဆုံး ၁၂၆ ဦး ကျဆုံးခဲ့ပြီး ယမန်နေ့ တစ်ရက်အတွင်းပင် ၃၈ ဦးထက်မနည်း
ကျဆုံး ခဲ့ရကြောင်း သိရသည်။
.