တောင်ကြီးမြို့၌ ယမန်နေ့ မတ်လ ၁၁ ရက်၊ နေ့လယ်ပိုင်းတွင် နိုင်ငံခြားသား ဓာတ်ပုံသတင်းထောက် တစ်ဦးကို စစ်ဝတ်စုံဝတ် လက်နက်ကိုင်များက ရိုက်နှက်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
" ရေအေးကွင်း ရပ်ကွက်နဲ့ မင်္ဂလာဦး လမ်းကြားထဲမှာ သူက သတင်း ယူနေတာ။ ရဲတွေ တက်လာနေတဲ့ အချိန်ထိကို ရဲကို ကျောပေးပြီးတော့ ဆန္ဒပြတဲ့သူတွေကို ဓါတ်ပုံ ရိုက်နေသေးတယ်။ သူ့ကို ဝိုင်း ရိုက်နေတဲ့ပုံ ရှိတယ်။ သူ့ဆိုင်ကယ်လည်း အဖျက်အဆီး ခံရတယ်။ အနောက်ဘက် အိမ် တစ်အိမ်က သူ့ကို ဝင်လာဖို့ ခေါ်တာကို သူက သတင်းဆက်ယူနေတာ။ စစ်သားတွေ ရိုက်တာ။ နောက်ဆုံး အခြေအနေထိ ကျွန်တော် တွေ့တာတော့ ကားတစ်စီးနဲ့ ရဲ ၂ ယောက်က သူ့ကို တင်ခေါ်သွားတယ်။ မနေ့ နေ့လယ် ၁၂ ကျော်လောက်က ဖြစ်တာပါ။" ဟု မျက်မြင် တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက်အတွင်း စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒပြနေသည့် အခြေအနေကို သတင်းဓာတ်ပုံ ရိုက်ကူးနေသော နိုင်ငံခြားသား ဓာတ်ပုံသတင်းထောက်ကို စစ်ဝတ်စုံဝတ် လက်နက်ကိုင်များက ရိုက်နှက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ သတင်းထောက်သည် ပိုလန်နိုင်ငံသားဖြစ်ပြီး ပြည်ပသတင်းဌာန တစ်ခုသို့ အလွတ်တန်း သတင်းရေးသား ပေးပို့သူ ဖြစ်ကာ တောင်ကြီးမြို့၌ ဆန္ဒပြသူများ အကြမ်းဖက် ဖြိုခွဲခံရသည့် နေ့တွင် သတင်း ရယူနေသော ၎င်းကို စတင် တွေ့ရှိရခြင်း ဖြစ်ကြောင်း တောင်ကြီး အခြေစိုက် သတင်းသမားများထံမှ သိရသည်။