.
စစ်အာဏာသိမ်းယူပြီးနောက်
မြန်မာနိုင်ငံအတွင်း ဖေဖော်ဝါရီလ ၁ ရက်မှ မတ်လ ၁၉ ရက်အထိ စစ်ကောင်စီ၏ မတရား ဖမ်းဆီး၊
တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံရသူ ၂၃၃၀ ဦးနှင့် ကျဆုံးသူ ၂၃၅ ဦး ရှိပြီဖြစ်ကြောင်း
နိုင်ငံရေးအကျဉ်းသားဟောင်းများကူညီစောင့်ရှောက်ရေးအသင်း (AAPP)
၏ ယမန်နေ့ မတ်လ ၁၉ ရက်၊ ညပိုင်း ထုတ်ပြန်ချက်အရ သိရသည်။
.
.
ယမန်နေ့ မတ်လ ၁၉ ရက်တွင်
ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့၊ ကယားပြည်နယ်လွိုင်ကော်မြို့နှင့် မန္တလေး
တိုင်း၊ မြင်းခြံမြို့တို့မှ အရပ်သားပြည်သူ ၁၀ ဦး ထပ်မံကျဆုံးကြောင်း AAPP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
AAPP ၏
မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်မှ မတ်လ ၁၉ ရက်နေ့ထိ စုစုပေါင်း ဖမ်းဆီး၊
တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ ၂၃၃၀ ဦးထိရှိခဲ့ပြီဖြစ်ပြီး ၎င်းတို့အနက်
ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ ၁၅ ဦး၊ အမှုဖွင့်ခြင်းခံထားရပြီး
ဖမ်းဝရမ်းထုတ်ခြင်းခံ ထားရသောကြောင့် တိမ်းရှောင်နေသူ ၈၇ ဦး နှင့် ပြန်လည်
လွတ်မြောက်လာသူ ၃၅၀ ဦး ရှိကာ လက်ရှိ အချိန်အထိ ၁၉၈၀ ဦးမှာ ဖမ်းဆီး၊ တရားစွဲဆို၊
ပြစ်ဒဏ် ချမှတ်ခြင်းခံထားရ ကြောင်း သိရသည်။
.
အာဏာသိမ်းမှု ၄၇ ရက်တိုင်
ရှိခဲ့ပြီဖြစ်သော်လည်း နိုင်ငံ့အနှံ့ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများကြောင့် စစ်အုပ်စု
သည် ၎င်းတို့၏ နိုင်ငံရေးနှင့်အုပ်ချုပ်ရေးအာဏာကို ထိန်းချုပ်ရန် စွမ်းဆောင်နိုင်ခြင်း
မရှိသေးဘဲ ၎င်းတို့အား ဆန့်ကျင် သူများကို နည်းမျိုးစုံဖြင့် အပြင်းအထန် နှိပ်ကွပ်လျက်ရှိရာ
လူမဆန်သော လုပ်ရန်များ ပိုမိုဆိုးရွားလာပြီး လူသားချင်း စာနာမှုကို ဆန့်ကျင်သော ရာဇဝတ်မှုများအဖြစ်သို့
ကူးပြောင်းလာကြောင်း AAPP က ဆိုသည်။
.
လူသားခြင်းစာနာမှုကင်းမဲ့သည့်
ရာဇဝတ်မှုများကို အလွန်ဆိုးရွားစွာ ကျူးလွန်လျက်ရှိသည့် စစ်အုပ်စု၏ လုပ်ရပ်များကို
တားဆီးနိုင်မှု မရှိသေးခြင်းကြောင့် ပြည်သူများသည် နေ့စဉ်နှင့်အမျှ
ခြိမ်းခြောက်မှုများကို ရင်ဆိုင်နေကြရပြီး ၎င်းတို့၏ လုပ်ရပ်များကို
အမြန်ဆုံးရပ်တန့်နိုင်ရန် နိုင်ငံတကာအသိုက်အဝန်းမှ ထိရောက်သောနည်းများဖြင့်
ကြားဝင်ဆောင်ရွက် ပေးပါရန် တိုက်တွန်းပါကြောင်း AAPP က ထုတ်ပြန်ထားသည်။
.
နိုင်ငံရေးအကျဉ်းသားများ
ကူညီစောင့်ရှောက်ရေးအသင်း (AAPP) သည်လက်ရှိအခြေအနေများကို
နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍
ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ် ထုတ်ပြန်ပေးနေခြင်းဖြစ်သည်။
.