.
တောင်ကြီးမြို့၊ ရတနာသီရိရပ်ကွက်တွင် ယနေ့ မတ်လ ၂၃ ရက် နံနက်ပိုင်းက
အာဏာသိမ်း စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့များမှ အသက် ၅ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင်
၇ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် ကလေးငယ်ကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
.
ဓါတ်ပုံ - တောင်ကြီးမြို့၊ ရတနာသီရိရပ်ကွက်အတွင်း
ရောက်ရှိနေသော စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့များအား မတ်လ ၂၁ ရက်၊ ညနေပိုင်းက တွေ့မြင်ရစဉ်
.
“ဒီမနက် အစောပိုင်းက *** ကားတာယာဆိုင်မှာ ၆ ယောက် ဝင်ဆွဲသွားပါတယ်။
အဲဒီမှာ ပိုင်ရှင်ရယ်၊ အလုပ် လာလုပ်တဲ့ မိန်းကလေး ၃ ယောက်ရယ်၊ သူတို့အိမ်မှာ လာပြီးတည်းခိုတဲ့
သားအမိ ၂ ယောက်ရယ် ပါသွားပါတယ်။ CCTV တွေကော အကုန်ဖျက်သွားတော့ ဘာမှတ်တမ်းမှ မရခဲ့ဘူး။
၅ နှစ်ကလေးလည်း တစ်ယောက် ပါသွားပါတယ်။ ဒါပေမဲ့ ကလေးငယ်ကိုတော့ ပြန်လွှတ်ပေးတယ် လို့
ပြောတယ်။ ဘာကြောင့် လာဆွဲတယ်တော့ မပြောဘူး။ သူတို့ လိုက်ရှာနေတဲ့တစ်ယောက်ကို မမိဘဲနဲ့
ဆက်စပ်တဲ့သူတွေကို လိုက်ဆွဲ နေတာလို့ ထင်ပါတယ်။ ကားတာယာဆိုင် ကတော့ ကာကွယ်ဖို့အတွက်
ကားတာယာတွေနဲ့ ကူညီတယ် ဆိုတဲ့ အယူအဆနဲ့ ဆွဲလိုက်တာ ဖြစ်ပါမယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။
.
စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့များသည် တောင်ကြီးမြို့ပေါ်တွင်
အကြမ်းဖက် ဖြိုခွင်းဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ် လျက်ရှိပြီး ၂ ရက်အတွင်း လူပေါင်း
၂၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားခဲ့ကြောင်း သိရသည်။
.
အဆိုပါ ဖမ်းဆီးထိန်းသိမ်းခံရသူများမှာ ဘုရားဖြူရပ်ကွက်မှ ၉
ဦး၊ ကျောင်းကြီးစုရပ်ကွက်မှ ၉ ဦးနှင့် ရတနာသီရိ ရပ်ကွက်မှ ၆ ဦးတို့ဖြစ်ကာ ဖမ်းဆီးခံရသူများတွင်
အမျိုးသမီးများလည်း ပါဝင်နေကြောင်း သိရသည်။
.