.
မြန်မာအာဏာသိမ်းစစ်ကောင်စီအပေါ် ပြင်းထန်သည့် ဒဏ်ခတ်အရေးယူမှုများ
ဆောင်ရွက်ရန် အချိန်ကျရောက်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာ
တင်သွင်းသူ Tom Andrews က တိုက်တွန်း ပြောဆိုခဲ့သည်ဟု သိရသည်။
.
Tom Andrews က မတ်လ ၁၂ ရက် တွင်
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသို့ မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ယနေ့တွင် ၎င်း၏တွစ်တာ
စာမျက်နှာမှတစ်ဆင့် ကုလအဖွဲ့ဝင်နိုင်ငံများ စစ်ကောင်စီအပေါ် ပြင်းထန်သော
ဒဏ်ခတ်အရေးယူမှု စံချိန်သစ်တင်ရန် ထပ်မံတိုက်တွန်းခဲ့ခြင်းဖြစ်သည်။
.
မြန်မာပြည်သူများ၏ လုပ်ဆောင်မှုများမှာ ကမ္ဘာတစ်ဝန်းမှ
ချီးကျူးအားကျဖွယ်ဖြစ်သော်လည်း စစ်ကောင်စီ၏ ပြောကြားချက်များနှင့်
လုပ်ဆောင်ချက်များမှာ စိတ်ညစ်ညူးဖွယ်ကောင်းနေသည်ဟု Tom Andrews က
ဆိုသည်။
.
မြန်မာစစ်ကောင်စီက
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှတစ်ဆင့် နိုင်ငံတကာအသိုက်အဝန်းသို့
တင်ပြချက်များမှာ မျက်နှာပြောင်တိုက်ကာ စိတ်ပျက်ဖွယ်ရာဖြစ်သည်ဟု Tom Adrews
က ကောင်စီ၌ ပြောကြားခဲ့သည်။
.
အာဏာသိမ်းစစ်ကောင်စီကိုယ်စားလှယ်က “အာဏာပိုင်များသည်
အကြမ်းဖက်သော ဆန္ဒပြမှုများအား အင်အား မသုံးရန် အစွမ်းကုန် ထိန်းချုပ်နေပါသည်” ဟု ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီတွင်
ပြောကြားခဲ့ခြင်းဖြစ်သည်။
.
“ငြိမ်းချမ်းသော၊ မဆုတ်မနစ်သော ဇွဲဖြင့် ပြည်သူသန်းပေါင်းများစွာ
တွန်းလှန်နေမှုသည် ၎င်းတို့ နိုင်ငံ ကာကွယ်ရန် အတွက်၊
၎င်းတို့၏ကလေးသူငယ်များအနာဂတ်များအတွက်ပင်ဖြစ်သည်” ဟု Tom Andrews က
မတ်လ ၁၂ ရက်တွင် ကောင်စီသို့ ပြောကြားခဲ့သည်။
.
ထို့အပြင် မြန်မာနိုင်ငံတွင် တရားမျှတမှုရှိရေး၊
တာဝန်ယူရေး၊ အကြမ်းဖက်ခြိမ်းခြောက်ခြင်းမှ ကင်းလွတ်နိုင်ရေး၊
လူ့အခွင့်အရေးများရရှိစေရေး စသည်တို့အတွက် နိုင်ငံတကာအသိုက်အဝန်းနှင့်
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးက လက်တွေ့လုပ်ဆောင်ရန်နှင့် ထိုသို့ဆောင်ရွက်ရာတွင်
နိုင်ငံပေါင်းများစွာ၊ နိုင်ငံတကာမှ လူထု၏ညီညွတ်မှု၊ မြန်ဆန်ထိရောက်မှုရှိသော
လုပ်ထုံးလုပ်နည်း အသစ်များနှင့်လုပ်ဆောင်ရမည်ဟု အထူးအစီရင်ခံစာတင်သွင်းသူက
တိုက်တွန်းခဲ့သည်။
.