.
မြို့တော်တောင်ကြီးတွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသည့် ပြည်သူများအား
အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့များက အကြမ်းဖက် နှိပ်စက်ဖြိုခွင်းမှုများ ရှိလာနေသည့်အတွက်
Black X အဖွဲ့မှ အလံနက် လွှင့်ထူပြီး ပြည်သူအချင်းချင်း အကာအကွယ်ပေးသွားမည်ဖြစ်ကြောင်း
သိရသည်။
.
.
“ကျွန်တော်တို့ သူငယ်ချင်းအပေါင်းအသင်းတွေ၊ အဖွဲ့ဝင်တွေထဲမှာ ရော်ဘာကျည်တွေ
များစွာမှန်တယ်။ တချို့ဆိုရင် ဖမ်းဆီးနှိပ်စက်ခံရတယ်လို့ သတင်းတွေ ရထားတယ်။ ဖမ်းဆီးခေါ်ဆောင်ရင်လည်း
နှိပ်စက်ညှဉ်းပန်းပြီးမှ ခေါ်တယ်။ ဒါတွေကို သည်းမခံနိုင်တော့ဘူး။ ကျွန်တော်တို့ကိုယ်တိုင်
ဆိုရင်လည်း ရော်ဘာကျည်တွေ အချက်ပေါင်းများစွာ သင့် ထားတယ်။ အင်အားသုံးဖြိုခွင်းလို့
ဆိုပေမဲ့ သူတို့လုပ်နေတာက အင်အားသုံး အကြမ်းဖက် နှိပ်စက်ဖြိုခွင်းနေတာပါ။ အဲဒါတွေကို
လက်ပိုက်ကြည့်မနေနိုင်တော့တဲ့အတွက် အလံနက် လွှင့်ထူတာဖြစ်ပါတယ်” ဟု Black X အဖွဲ့မှ
လူငယ် တစ်ဦးက ပြောသည်။
.
တောင်ကြီးတွင် ယမန်နေ့ မတ်လ ၁၄ ရက် နေ့လယ်ပိုင်းက ငြိမ်းချမ်းစွာ
ဆန္ဒထုတ်ဖော်နေသည့် ဆိုင်ကယ်သပိတ် စစ်ကြောင်းအား အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်များက
မော်တော်ယာဉ်ဖြင့် နောက်မှ လိုက်တိုက်ပြီး ရော်ဘာ ကျည်များဖြင့် ပစ်ခတ်ရာ လူငယ် ၄ ဦး
ထိမှန်ခဲ့ပြီး လူငယ် ၇ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကာ ဆိုင်ကယ်များကိုလည်း သိမ်းဆည်းသွားခဲ့သည်ဟု
သိရသည်။
.
မြန်မာနိုင်ငံတစ်ဝှမ်းရှိ မြို့နယ်အသီးသီးတွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြမှုများကို
အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်များက နေ့စဉ် အကြမ်းဖက်ပစ်ခတ်မှုများ ရှိနေသဖြင့်
ပြည်သူအချင်းချင်း အကာအကွယ်ပေးသည့် အနေဖြင့် အလံနက် လွှင့်ထူကြခြင်းဖြစ်ကြောင်း သိရသည်။
.