အာဏာသိမ်းစစ်ကောင်စီ၏ မတရား အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ကျဆုံးသူ ၂၀၀ ကျော် ရှိပြီဖြစ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အာဏာသိမ်းစစ်ကောင်စီ၏ မတရား အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ကျဆုံးသူ ၂၀၀ ကျော် ရှိပြီဖြစ်

.

စစ်အာဏာသိမ်းယူပြီးနောက် အာဏာသိမ်းစစ်ကောင်စီ၏ မတရား အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ကျဆုံးသူ ၂၀၂ ဦး ရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မတ်လ ၁၆ ရက် ထုတ်ပြန်ချက်အရ သိရသည်။

.


.

ထို့အပြင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မတ်လ ၁၆ ရက်နေ့ထိ စုစုပေါင်း ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ ၂၁၈၁ ဦးထိရှိခဲ့ပြီဖြစ်ပြီး ၎င်းတို့အနက်မှ ထောင်ဒဏ် ချမှတ်ခြင်းခံထားရသူ ၁၃ ဦး၊ အမှုဖွင့်ခြင်းခံထားရပြီး ဖမ်းဝရမ်း ထုတ်ခြင်းခံ ထားရသောကြောင့် တိမ်းရှောင်နေသူ ၇၃ ဦး နှင့် ပြန်လည် လွတ်မြောက်လာသူ ၃၁၉ ဦးရှိကာ လက်ရှိ အချိန်အထိ ၁၈၆၂ ဦးမှာ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရကြောင်း သိရသည်။

.

ဖမ်းဆီး၊ တရားစွဲဆိုခြင်းခံထားရသူအများစုမှာ ဖမ်းဆီးခြင်းခံရပြီးကတည်းက ၎င်းတို့၏ မိသားစု၊ ၎င်းတို့ကို ကိုယ်စားပြုမည့် ဥပဒေအကျိုးဆောင်တို့နှင့်တွေ့ရှိခွင့်မရသည့်အပြင် ၎င်းတို့ကို မည်သည့်နေရာတွင် ချုပ်နှောင် ထားသည်ကိုလည်း သိရှိရခြင်းမရှိကြောင်း၊ အာဏာရှင်အဆက်ဆက် ၎င်းတို့ကို အတိုက်အခံပြုသူများကို ဖမ်းဆီး၊ ထိန်းသိမ်းထားစဉ်အတွင်း အခြေခံ အခွင့်အရေးများကိုပင် ဖြတ်တောက်ထားခဲ့ပြီး ရုပ်ပိုင်း နှင့် စိတ်ပိုင်းဆိုင်ရာတို့ကို အမျိုးမျိုး ညှင်းဆဲမှုများပြုခဲ့ကြောင်း၊ ထို့ကြောင့် ၎င်းတို့နှင့်ပတ်သက်၍ မည်သည့်အခြေအနေမှန်ကိုမျှ သိရှိရမှု မရှိခြင်းကလည်း စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း၊ ၎င်းပြင် အကြမ်းဖက်ဖြိုခွင်းနေစဉ်အတွင်း ပျောက်ဆုံးသွားသူများနှင့် ပတ်သက်၍လည်း မည်သည့်သတင်းအစမျှရရှိခြင်း မရှိခြင်းကလည်း စိုးရိမ်ဖွယ်ရာအခြေအနေဖြစ်ကြောင်း AAPP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

ထို့ပြင် ဒဏ်ရာရရှိသူများသည် ဖမ်းဆီးခြင်းခံရကာ ဆေးကုခွင့်မရ၍ အသက်ဆုံးရှုံးသွားခြင်း၊ ဖမ်းဆီးခြင်းခံရစဉ်အတွင်း ညှင်းပန်းနှိပ်စက်ခြင်းခံရသောကြောင့် အသက်ဆုံးရှုံးသွားခြင်း၊ ပစ်သတ်ခြင်းခံရသောကြောင့် ကျဆုံးသွားသူကိုပင် ငဲ့ညှာထောက်ထားခြင်းမရှိဘဲ ဒရွတ်တိုက်ဆွဲခေါ်ခြင်း၊ မိသားစုထံသို့ ပြန်လည်အပ်နှံခြင်းမရှိခြင်းစသည့် လူမဆန်သော လုပ်ရပ်များကို အာဏာသိမ်းစစ်အုပ်စု၏ လက်ပါးစေ ရဲ နှင့် စစ်တပ်တို့မှ အထိန်းအချုပ်မဲ့စွာ နေ့စဉ်နှင့်အမျှ ကျူးလွန် လျက်ရှိကြောင်း AAPP က ဆိုသည်။

.

ပြီးခဲ့သည့် မတ်လ ၁၅ ရက်တွင် အာဏာသိမ်းစစ်အုပ်စုမှ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကို ထုတ်ပြန် ခဲ့ပြီးနောက် ၎င်းတို့၏ လက်ပါးစေရဲနှင့် စစ်တပ်တို့မှ ပြည်သူများအပေါ် ကျူးလွန်သော ရမ်းကားရက်စက်မှုများသည် ပို၍ ပြင်းထန်ဆိုးရွား လာခဲ့ကြောင်း၊ စစ်အုပ်ချုပ်ရေးအာဏာကျင့်သုံးနေစဉ်အတွင်း နောက်ကြောင်းပြန်၍ အရေးမယူရဆိုသည့်အချက်ကလည်း ၎င်းတို့ ကျူးလွန်သော ရာဇဝတ်မှုများကို ပို၍ကျူးလွန်လာစေရန် ပံ့ပိုးပေးသကဲ့သို့ဖြစ်နေကြောင်း၊ ဆန္ဒထုတ်ဖော်သူများ သာမက သာမန် အရပ်သားပြည်သူများကိုပါမချန် အနီးကပ်ပစ်ခတ်ခြင်း၊ စနိုက်ပါများဖြင့် ချိန်ရွယ် ပစ်ခတ်ခြင်းများကို နေရာမရွေး၊ အချိန်မရွေးဘဲ ပေါ်တင် ကျူးလွန်လျက်ရှိကြောင်း၊ လက်ရှိအချိန်တွင် ထိုအခွင့်အာဏာကို တလွဲအသုံးချ နေခြင်းကြောင့် မြန်မာနိုင်ငံတွင်း အခြေအနေများမှာ အလွန်အမင်း ထိခိုက်လွယ်လျက် ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) အနေဖြင့် လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိကြောင်း သိရသည်။

.

#KBZTai #Shan #AAPP

.

www.kanbawzatainews.com

.

Journal Download

Photo of three cats