ကလောမြို့နယ်၊ အောင်ပန်းမြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အချို့တွင် ရပ်ကွက်နေ ပြည်သူများက ကိုယ်ပိုင်အုပ်ချုပ်မည့်ရုံးများ အဖြစ် ကြေညာချက်များကို မတ်လ ၇ ရက်က ကပ်ထားကြောင်း သိရသည်။
.
အဆိုပါ ကြေညာချက်တွင် ကိုယ်ပိုင် အုပ်ချုပ်မည့်ရပ်ကွက်ဖြစ်သည်၊ ဤရပ်ကွက်သည် စစ်ကောင်စီမှအဓမ္မ ခန့်အပ်သည့် အုပ်ချုပ်ရေးမှူးများအား (လုံးဝ) လက်မခံပါ၊ ဤရပ်ကွက်အတွင်း CDM မပါဝင်သည့်ဝန်ထမ်းများ ရှိပါက လူမှုရေးအရ ပြင်းထန်စွာ ဒဏ်ခတ်သွားမည်၊ ဤရပ်ကွက်ရုံးသည် ရပ်ကွက်သူ/
ရပ်ကွက်သားများ၏ အုပ်ချုပ်ရေးမှူးရုံး ဖြစ်သည် စသည်ဖြင့် ပါရှိသည်။
.
" မနေ့ညနေကတည်းက ကပ်ထားတာ၊ အုပ်ချုပ်ရေးမှူးအသစ်တွေတော့ ဘယ်သူမှန်း မသိဘူး၊ အဟောင်းအချို့ကို ပြန်ခန့်တယ်လည်း ကြားတယ်၊ ဒီရပ်ကွက် အုပ်ကြီးဟောင်းကတော့ CDM လုပ်နေတယ်လို့ သိရတယ်" ဟု
အောင်ပန်းမြို့နေသူ တစ်ဦးက ပြောသည်။
.
အောင်ပန်း မြို့ပေါ်တွင် ရပ်ကွက် ၁၂ ခု ရှိသည့်အနက် ရပ်ကွက် (၂)၊ (၄)၊ ညောင်ပင်ထောင်၊ လှည်းရိုး၊ မြို့ဟောင်း၊ ရွာသစ်၊ ရွာငံစုရပ်ကွက် ၇ ခုရှိ ရပ်ကွက်ရုံးများတွင် အဆိုပါကြေညာချက်များ ကပ်ထားခြင်း ဖြစ်ပြီး ကျန် ရပ်ကွက်များတွင် ကပ်ထားခြင်း မတွေ့ရပေ။
.
အောင်ပန်းမြို့တွင် စစ်အာဏာသိမ်းမှုအား ကန့်ကွက် ဆန္ဒပြမှုအား ယနေ့တိုင် ပြုလုပ်နေလျက် ရှိကြောင်း သိရသည်။