မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရကို မဖြစ်မနေ အာဏာပြန်ပေးရမည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့ကြောင်း ယနေ့ ဖေဖော်ဝါရီလ ၁၉ ရက်တွင် အမေရိကန် သံရုံးက ထုတ်ပြန်ခဲ့သည်။
.
ယူနိုက်တက်ကင်းဒမ်းနှင့် ကနေဒါနိုင်ငံတို့က မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်များကို အရေးယူဒဏ်ခတ် ပိတ်ဆို့လိုက်ခြင်း အပေါ် အမေရိကန် အနေဖြင့် ကြိုဆိုကြောင်း နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ပြောဆိုရာတွင် ယင်းကဲ့သို့ ထည့်သွင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။
.
“ ယူနိုက်တက်ကင်းဒမ်းနဲ့ ကနေဒါတို့က နေပြီး မြန်မာနိုင်ငံအတွင်း အာဏာသိမ်းမှု အတွက် တာဝန်ရှိသူတွေကို အရေးယူဒဏ်ခတ် ပိတ်ဆို့မှု ချမှတ်လိုက်တဲ့အတွက် အမေရိကန်ပြည်ထောင်စုက ကြိုဆိုပါတယ်။ တာဝန်ယူမှု၊ တာဝန်ခံမှုကို မြှင့်တင်မယ့် သတင်းစကားတစ်ရပ်ကို နိုင်ငံတကာ အသိုင်းအဝိုင်းက နေပြီး ညီညီညာညာနဲ ဝိုင်းဝန်းပေးပို့ကြဖို့လည်း ကျွန်တော်တို့ တိုက်တွန်းပါတယ်။ ဒီမိုကရေစီ နည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို အာဏာပြန်ပြီး ပေးကိုပေးရပါမယ်။”ဟု အန်တိုနီဘလင်ကင်က ပြောသည်။
.
ယူနိုက်တက်ကင်းဒမ်းအနေဖြင့် မြန်မာ အာဏာသိမ်း စစ်ကောင်စီဝင်များ ဖြစ်သော ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်တို့ ၃ ဦး၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခြင်းနှင့် ခရီးသွားလာမှု ကန့်သတ် ထိန်းချုပ်ခြင်းများကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
.
ထို့တူ ကနေဒါနိုင်ငံကလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ၉ ဦးကို ပိတ်ဆို့ဒဏ်ခတ်အရေးယူခဲ့ကြောင်း ကနေဒါနိုင်ငံ၊ နိုင်ငံခြားရေးဌာနက ဖေဖော်ဝါရီ ၁၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
No comments:
Post a Comment