ကမ္ဘောဇတိုင်း
.
မြန်မာပြည်သူများ၏
ဒီမိုကရေစီရေး ကြိုးပမ်းဆောင်ရွက်မှုများကို ဆက်လက်ပံ့ပိုးကူညီပေးသွားမည် ဖြစ်ကြောင်း
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပြောဆိုခဲ့သည်ဟု ၎င်း၏ပြောရေးဆိုခွင့်ရှိသူက United Nations Myanmar Facebook Page မှတစ်ဆင့် ယနေ့ ဖေဖော်ဝါရီလ ၁၀ ရက်တွင် ထုတ်ပြန်ကြေညာ ခဲ့သည်။
.
.
မြန်မာနိုင်ငံတွင်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ
ဦးဝင်းမြင့်နှင့် အခြားသော နိုင်ငံရေးခေါင်းဆောင်များအား ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းကို
အပြင်းအထန် ကန့်ကွက်ရှုတ်ချ ကြောင်း၊ တပ်မတော်သို့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့်
တရားစီရင်ရေး အာဏာသုံးရပ်ကို လွှဲပြောင်းကြောင်း ကြေညာခဲ့ခြင်းအတွက်လည်း
များစွာစိုးရိမ်မကင်းဖြစ်မိကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် က ပြောဆိုခဲ့သည်ဟု
သိရသည်။
.
စစ်ဘက်ခေါင်းဆောင်များအနေဖြင့်
မြန်မာပြည်သူများ၏ ဆန္ဒ သဘောထားကို လေးစားရန်နှင့် ဒီမိုကရေစီ စံနှုန်းများကို
လေးစားလိုက်နာရန်၊ ကွဲလွဲမှုမှန်သမျှကို ငြိမ်းချမ်းစွာ အပြန်အလှန်
ဆွေးနွေးညှိနှိုင်းသော နည်းလမ်းဖြင့် အဖြေရှာရန် တိုက်တွန်းပါကြောင်း၊ ခေါင်းဆောင်များအားလုံးသည်
အဓိပ္ပါယ်ပြည့်ဝသည့် ဆွေးနွေးမှုများ ပြုလုပ်ခြင်း၊ အကြမ်းဖက်မှုကို
ရှောင်ကြဉ်ခြင်းနှင့် လူ့အခွင့်အရေးများနှင့် အခြေခံ လွတ်လပ်ခွင့်များကို အပြည့်အဝ
လေးစားခြင်းဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက်
ရှေးရှုဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ကုလသမဂ္ဂအဖွဲ့သည် မြန်မာပြည်သူများ၏
ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက်
ကြိုးပမ်းဆောင်ရွက်မှုများကို မယိမ်းမယိုင် ဆက်လက်ပံ့ပိုးကူညီသွားမည် ဖြစ်ကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က
ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
.
ထို့အတူ
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်များက မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ နိုင်ငံရေး
သီးခြားလွတ်လပ်မှု၊ ပိုင်နက်နယ်မြေ တည်တံ့ခိုင်မြဲမှုနှင့် ပေါင်းစည်းညီညွတ်မှု တို့အတွက်
ရပ်တည်ပံ့ပိုးပေးရန် ခိုင်မာသော သန္နိဋ္ဌာန်အား အတည်ပြုကြောင်းကိုလည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏
မြန်မာနိုင်ငံအခြေအနေနှင့် စပ်လျဉ်းသည့် ထုတ်ပြန်ချက်ကို ယနေ့ ညနေပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
.
No comments:
Post a Comment