မင်းဇော်မင်း
.
ဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံး ပြန်လွှတ်ပေးရန်နှင့် မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဆက်လက် ထောက်ခံကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံက ဖေဖော်ဝါရီလ ၅ ရက်တွင် တစ်သဘောထဲ ကန့်ကွက်သူမရှိ ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရသည်။
.
.
ဒီမိုကရေစီအဆောက်အအုံများဖြစ်သော လွှတ်တော်နှင့် ယင်း၏လုပ်ငန်းစဉ်များကို လေးစားရန်၊ အကြမ်းဖက်မှုကို ရှောင်ကျဉ်ပြီး လူ့အခွင့်အရေးနှင့် လွတ်လပ်ခွင့်များ၊ တရားဥပဒေစိုးမိုးရေးတို့ကို စောင့်ထိန်းရန် တောင်းဆိုကြောင်း ကြေညာချက်တွင် ဖော်ပြပါရှိသည်။
.
လေ့လာသူများက ယခု ထုတ်ပြန်ချက်သည် လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံကြား ရှားပါးသည့် ညီညွတ်မှု တရပ်အဖြစ်သုံးသပ်ခဲ့ကြသည်။
.
ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ထုတ်ပြန်ချက်ကို တရုတ်သံတမန်များအနေဖြင့် မြန်မာ၏အိမ်နီးချင်း မိတ်ဆွေနိုင်ငံဖြစ်ကြောင်း၊ လုံခြုံရေးကောင်စီ အနေဖြင့် မြန်မာပြည်သူများ၏ဆန္ဒ၊ အကျိုးစီးပွားများနှင့်အညီ ဆွေးနွေးရေးနှင့် သင့်မြတ်ရေးအတွက်တောင်းဆိုပါကြောင်း ထုတ်ပြန်ရင်း ဟန်ချက်ညီထောက်ခံခဲ့သည်ဟု သိရသည်။
.
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် ကလည်း တပ်မတော်အာဏာသိမ်းမှုကို လုံးဝ လက်မခံနိုင်ကြောင်း ဖေဖော်ဝါရီ ၄ ရက်က ပြောဆိုထားပြီး မြန်မာနိုင်ငံ၏ဒီမိုကရေစီကို ကာကွယ်ပေးကြရန် နိုင်ငံတကာအား တိုက်တွန်းထားသည်။
.