မင်းဇော်မင်း
.
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ခန့်အပ်မှုကို ကြိုတင်သိရှိခြင်း မရှိကြောင်း တအာင်း (ပလောင်) အမျိုးသားပါတီ (TNP) မှ အထွေထွေအတွင်းရေးမှူး မိုင်းအုဏ်းခိုင် က ပြောဆိုခဲ့သည်။
.
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်စွဲပါ အမိန့်အမှတ် (၁၁/၂၀၂၁) ဖြင့် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးကောင်စီဦးစီး ဥက္ကဌအဖြစ် တအာင်းပလောင် TNP ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် မိုင်းသိန်းဇော်ကို ခန့်အပ်လိုက်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။
.
“ညက မှ သိရတာ၊ အခုလောလောဆယ်အစည်းအဝေးလုပ်နေပါတယ်။ သူကိုယ်တိုင် (မိုင်းသိန်းဇော်) လည်း ကြိုတင်မသိရဘူး” ဟု မိုင်းအုဏ်းခိုင်က ပြောသည်။
.
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ အဖြစ် ခန့်အပ်ခံရသည့် မိုင်းသိန်းဇော်သည် ၂၀၁၆ ခုနှစ် မှ ၂၀၂၀ ပြည့်နှစ်အထိ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အလုပ်အမှုဆောင် တစ်ဦး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ကာ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်နှင့် ၂၀၂ဝ ပြည့်နှစ်ပါတီစုံထွထွေ ရွေးကောက်ပွဲတွင် မန်တုံမြို့နယ် ၊ မဲဆန္ဒနယ်အမှတ် (၁)မှ ရွေးကောက်ပွဲ အနိုင်ရထားသည့် ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ အခြေအနေနှင့် ပတ်သက်၍ မိုင်းသိန်းဇော်အား ဆက်သွယ်ရာတွင် ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။
.
ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ အဖြစ် ဦးညီနပ်၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ အဖြစ် ဦးအာကာလင်း (လက်ရှိ ဒေသဦးစီး ဥက္ကဌ) ၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ အဖြစ် ဦးခွန်ရဲထွေး (လက်ရှိ ပြည်နယ်ဝန်ကြီး)၊ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ အဖြစ် တားသိန်းဇော် (မိုင်းသိန်းဇော်)၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ အဖြစ် ဦးမြင့်ဆွေ၊ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ အဖြစ် ဦးထွန်းထွန်းဝင်း တို့ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ဖေဖော်ဝါရီလ ၂ ရက်တွင် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။
.
Photo - Mai Thein Zaw
.
No comments:
Post a Comment