ကမ္ဘောဇတိုင်း
.
မြို့တော်တောင်ကြီးတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်သူအင်အား
ယခင်ရက်ထက် ပိုမိုများပြား လာနေသည်ဟု သိရသည်။
.
“လူအင်အား များလာတဲ့အပေါ်မှာ အများကြီးတော့ အင်အားရှိတာပေါ့။
လူငယ်တွေအတွက်က အဆုံးအထိ တိုက်ရမယ့် တိုက်ပွဲလည်း ဖြစ်နေတယ်။ ပြီးတော့ ဒါကလည်း အနာဂတ်အတွက်
အများကြီး အထောက်အကူ ဖြစ်နေတော့ Generation Z တစ်ခုလုံးလည်း
ပြောင်းသွားနိုင်တဲ့ အတွက်ကြောင့် တတ်နိုင်ရင်တော့ အားဖြည့်ပေးပါ လို့ ပြောချင်ပါတယ်။
ပြီးတော့ CDM လုပ်ဖို့ကိုလည်း တိုက်တွန်းချင်ပါတယ်” ဟု စစ်အာဏာရှင် ဆန့်ကျင်
ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သူ ကျောင်းသူတစ်ဦးက ပြောသည်။
.
ထို့အတူ ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သူ အိမ်ထောင်ရှင်မ တစ်ဦးကလည်း
“ဆန္ဒပြတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်မ သားသမီးတွေရဲ့ အနာဂတ်အတွက် ပြီးတော့ မြန်မာပြည်
အနာဂတ်အတွက် စစ်မှန်တဲ့ ဒီမိုကရေစီအစိုးရရဲ့ လက် အောက်မှာ နေချင်လို့၊ တိုးတက်တဲ့ တိုင်းပြည်မှာ
နေချင်လို့ ဖြစ်ပါတယ်။ လူအင်အားက နည်းသွားတာတော့ မရှိပါဘူး။ ချီတက်တဲ့နေရာမှာ သိပ်မလိုက်ဘဲ
ထိုင်သပိတ် တွေလည်း များတဲ့အတွက်ကြောင့်ပါ။ နောက်နေ့တွေတော့ ပိုပြီးများလာမယ်လို့ ထင်ပါတယ်။
တောင်ကြီးသားတွေက စည်းလုံး ပါတယ်” ဟု ပြောဆိုခဲ့သည်။
.
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်က တပ်မတော်မှ
နိုင်ငံတော်အာဏာ သုံးရပ်ကို သိမ်းယူခဲ့ပြီးနောက် မြန်မာနိုင်ငံ တစ်ဝှမ်း
မြို့နယ်ဒေသ အသီးသီးတွင် စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြပွဲများ ဖြစ်ပွားလျက်ရှိပြီး
မြို့တော် တောင်ကြီး တွင်လည်း ဖေဖော်ဝါရီလ ၇ ရက်မှ ယနေ့အထိ နေ့စဉ် စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြပွဲများ
ပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။
.
အာဏာသိမ်းစစ်ကောင်စီက ဖေဖော်ဝါရီလ ၈ ရက်တွင် မြို့နယ်အသီးသီး၌
လူ ၅ ဦးနှင့်အထက် ပိုမိုစုဝေးခြင်းမပြုရန် ရာဇသတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်တားမြစ်ထားသော်လည်း
မြို့တော်တောင်ကြီးအပါအဝင် မြို့နယ်ဒေသ အသီးသီးတွင် စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြမှုများ
အရှိန်တန့်သွားခြင်းမရှိဘဲ ဆက်လက်ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment