တပ်မတော်က နိုင်ငံတော်အာဏာ သိမ်းယူခြင်းအား ပြင်းထန်စွာ ကန့်ကွက်ပြီး ငြိမ်းချမ်းစွာ ဖြေရှင်းရန် SNLD တောင်းဆိုချက် ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တပ်မတော်က နိုင်ငံတော်အာဏာ သိမ်းယူခြင်းအား ပြင်းထန်စွာ ကန့်ကွက်ပြီး ငြိမ်းချမ်းစွာ ဖြေရှင်းရန် SNLD တောင်းဆိုချက် ထုတ်ပြန်

□ မင်းဇော်မင်း

.



တပ်မတော်က အာဏာသိမ်းယူမှုနှင့် ပတ်သက်၍ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)မှ ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်းနှင့် စားပွဲဝိုင်းပေါ်တွင် ငြိမ်းချမ်းစွာ ဖြေရှင်းရန် တိုက်တွန်း တောင်းဆိုသည့် ထုတ်ပြန်ကြေငြာချက် အမှတ်(၃/၂၀၂၁)ကို ယနေ့ ဖေဖော်ဝါရီ ၃ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

.

ယင်း ထုတ်ပြန်ချက်တွင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည်ထောင်စုမျှော်မြင်ချက်အရ လည်းကောင်း၊ ယုံကြည်စွာ ကိုင်စွဲထားသော စံတန်ဖိုးဖြစ်သည့် ဒီမိုကရေစီနှုန်းစံအရ လည်းကောင်း၊ နိုင်ငံရေးပြဿနာများကို နိုင်ငံရေး နည်းလမ်းဖြင့်သာ ဖြေရှင်းသွားမည်ဟူသည့် မူအရ လည်းကောင်း၊  ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် တပ်မတော်က အာဏာသိမ်းယူသည့် ကိစ္စနှင့်ပတ်သက်၍ ​တောင်းဆိုချက် ၃ ချက်ကို ​တောင်းဆို​ကြောင်း ပါရှိသည်။

.

အဆိုပါ​ တောင်းဆိုချက်များမှာ တပ်မတော်က နိုင်ငံတော်အာဏာ သိမ်းယူလိုက်သည့် လုပ်ရပ်သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းရေးဆိုင်ရာလုပ်ငန်းများနှင့် တိုင်းရင်းသား ပြည်သူများ အကြား ယုံကြည်မှု တည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းများအား ဆန့်ကျင်ထိခိုက်နေသဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ပြီး နိုင်ငံရေးနည်းလမ်းဖြင့် စားပွဲဝိုင်းပေါ်တွင် ငြိမ်းချမ်းစွာဖြေရှင်းရန်၊ ဖမ်းဆီးထားသည့် နိုင်ငံ့ခေါင်းဆောင်များ၊ နိုင်ငံရေးသမားများနှင့် လှုပ်ရှားတက်ကြွသူများ အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန်၊ ကျင်း ပပြီးစီးခဲ့သည့် ရွေးကောက်ပွဲရလဒ်များကို အသိအမှတ်ပြု လက်ခံရန် အခိုင်မာတိုက်တွန်းတောင်းဆိုသည်ဟု ဖြစ်သည်။

.

ထုတ်ပြန်ချက်နှင့် ပတ်သက်၍ SNLD ပါတီမှ စိုင်းကျော်ညွန့်က "ထုတ်ပြန်ချက် အတိုင်းပါပဲ၊ သုံးသပ်ချက် ပေးရရင်တော့ သူတို့ လုပ်တာတွေ အရမ်း များနေတော့ ခုချိန်မှာ သုံးသပ်ချက် ပေးဖို့က ဘာမှ မပြောနိုင်သေးဘူး ဖြစ်နေတယ်" ဟု ကမ္ဘောဇတိုင်းသို့ ပြောသည်။

Journal Download

Photo of three cats