အာဏာသိမ်း စစ်ကောင်စီက ဖွဲ့စည်းထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ဖိတ်ကြားထားသော နိုင်ငံရေးပါတီများနှင့် တွေ့ဆုံ ညှိနှိုင်းအစည်းအဝေးသို့ ရှမ်းပြည်နယ်၏ အင်အားကြီး ပါတီများ ဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)နှင့် တအာင်း(ပလောင်) အမျိုးသားပါတီ (TNP) တို့ တက်ရောက်မည် မဟုတ်ကြောင်း သိရသည်။
.
“ အဲဒီကိစ္စနဲ့ ပတ်သက်ရင် ကျွန်တော်တို့ ဘာမှ လုပ်ဖို့ မရှိပါဘူး၊ ပြောစရာလည်း မရှိပါဘူး။” ဟု SNLD ပါတီ တွဲဘက်အထွေထွေ အတွင်းရေးမှူး (၁) စိုင်းကျော်ညွန့်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
SNLD အနေဖြင့် ယင်းအစည်းအဝေးသို့ မတက်ရောက်ရန် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ထို့အတူ TNP ပါတီမှလည်း ယင်းအစည်းအဝေးသို့ တက်ရောက်ရန် အဆင်သင့် မဖြစ်သေးဘဲ အခြေအနေမှန်ကို မသိရသောကြောင့် စောင့်ကြည့်နေသေးသည့် အနေအထားတွင်သာ ရှိကြောင်း အရှေ့ပိုင်းရီဗျူး၏ ရေးသား ဖော်ပြချက်အရ သိရပြီး ကမ္ဘောဇတိုင်း အနေဖြင့် TNP သို့ ဆက်သွယ်ရာတွင် အဆက်အသွယ် မရရှိသေးပေ။
.
SNLD နှင့် TNP ပါတီတို့သည် ရှမ်းပြည်နယ် အခြေစိုက် နိုင်ငံရေးပါတီများ အနက် လွှတ်တော်ကိုယ်စားလှယ် နေရာ အများဆုံး ရရှိထားကြသည့် တိုင်းရင်းသားပါတီများ ဖြစ်ကာ ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်နယ် အတွင်း၌ SNLD သည် လွှတ်တော်ကိုယ်စားလှယ် ၄၁ နေရာ၊ TNP သည် လွှတ်တော် ကိုယ်စားလှယ် ၁၂ နေရာ ရရှိထားသည်။
.
လွှတ်တော်ကိုယ်စားလှယ်နေရာ တတိယ အများဆုံး ရရှိထားသည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ကမူ အဆိုပါ အစည်းအဝေးသို့ တက်ရောက်ရန် စီစဥ်ထားကြောင်း ယင်းပါတီမှ တာဝန်ရှိသူ တစ်ဦးထံက သိရသည်။
.
အာဏာသိမ်း စစ်ကောင်စီက ဖွဲ့စည်းခဲ့သောပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဖေဖော်ဝါရီလ ၂၆ ရက်တွင် တွေ့ဆုံညှိနှိုင်းရန်အတွက် နိုင်ငံရေးပါတီများကို နေပြည်တော်သို့ လာရောက်ရန် ဖိတ်ကြားထားခြင်း ဖြစ်သည်။