ရှမ်းပြည်နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီမှ ဖမ်းဆီးထားသူ ၈၀ ကျော်ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီမှ ဖမ်းဆီးထားသူ ၈၀ ကျော်ရှိ

ကမ္ဘောဇတိုင်း

.

ရှမ်းပြည်နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီမှ ဖမ်းဆီးထားသူ ၈၄ ဦး ရှိပြီဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးညွန့်လွင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

.

.

အဆိုပါစာရင်းမှာ စစ်အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်မှ ၁၉ ရက်အတွင်း ရရှိထားသည့် စာရင်း ဖြစ်သော် လည်း ကျန်နေသူများ ရှိဦးမည်ဖြစ်ကြောင်း ဦးစိုးညွန့်လွင်က ရေးသားထားသည်။

.

ယင်းစာရင်းတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် အပါအဝင် NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ် များ၊ ပါတီတာဝန်ရှိသူများ၊ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူများ၊ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး CDM ပြုလုပ် သူများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ပါဝင်ကြောင်း တွေ့ရသည်။

.

တောင်ကြီးမြို့မှ ဖမ်းဆီးထိန်းသိမ်းခံရသည့် နိုင်ငံရေးအကျဉ်းသားဟောင်း ဦးမြင့်ဌေး (ခ) ဘယ်ကျော်၏ မိသားစုဝင် များက ပြောကြားရာတွင် ဦးမြင့်ဌေးသည် တောင်လေးလုံးအကျဉ်းထောင်ရှိ အပြင်ဆောင်တွင် ရောက်ရှိနေကြောင်း ဖုန်းအဆက်အသွယ် ရရှိသဖြင့် သွားရောက်တွေ့ဆုံရာ အဆောင်တွင် မရှိတော့ဘဲ ထောင်တွင်းသို့ ပို့ထားသည့်အပြင် COVID-19 ရောဂါကြောင့် တွေ့ခွင့်မရခဲ့ဟု ဆိုသည်။

.

“ဘာမှ မပြောချင်တော့ပါဘူး။ အချိန်တန်ရင် လွတ်လာမှာပဲလို့ မှတ်ယူပါတယ်။ ပါသွားတဲ့ အနွေးထည်က ပါးလို့ အဝတ်အစားတွေ သွားပို့ပေးတော့ လိုအပ်တာ သုံးဖို့ ငွေပေးပို့လို့ရတယ်လို့ ပြောတယ်။ နောက်ပိုင်း ဖုန်းမလာတော့ ပါဘူး” ဟု ဦးမြင့်ဌေး၏ ဇနီးက ပြောသည်။

.

ထို့အတူ ထိန်းသိမ်းခံရသူ ကလောမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၏ မိသားစုဝင်များကမူ ဖုန်းပြောဆိုခွင့် ရနေပြီး စားသောက်ရေး အဆင်ပြေနေသည်ဟု ပြောဆိုခဲ့သည်။

.

“ဥပဒေအရ မဟုတ်ဘူး။ လူငယ်ခေါင်းဆောင်ဖြစ်လို့ မလှုပ်ရှားနိုင်အောင် ဆွဲတာပါ။ တွေ့ခွင့်မပြောနဲ့ အဆက်အသွယ် တောင် မရပါဘူး” ဟု ကျိုင်းတုံမြို့မှ ဖမ်းဆီးထိန်းသိမ်းခံရသူ စိုင်းဝန်းတစ်၏ ဖခင်ဖြစ်သူ ရှမ်းတိုင်းရင်းသားများ ဒီမို ကရက်တစ်ပါတီ ဗဟိုအလုပ်အမှုဆောင် စိုင်းသောင်းစိန်က ပြောသည်။

.

CDM လှုပ်ရှားမှုဖြင့် ကျိုင်းတုံထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသူ မူလတန်းပြဆရာမ ဒေါ်မိဆော၏ အစ်မဖြစ်သူ နန်းခမ်း ကလည်း “သဘာဝဘေးနဲ့ ၂၄ ရက်မှာ ရုံးထုတ်မယ် လို့တော့ကြားတယ်။ COVID-19 ကြောင့် တွေ့ခွင့် မပြုတော့ သူ့အခြေအနေ ဘာမှမသိရဘူး။ ဖုန်းဆက်လာတာလည်း မရှိဘူး” ဟု ပြောဆိုခဲ့သည်။

.

ထို့အပြင် ဖမ်းဆီးခံထားရသူ မိုင်းပန်မြို့နယ်‌ဆေးရုံမှ ဆေးမှတ်တမ်းထိန်း ကိုပြည့်ဖြိုးအောင် ကိုလည်း မည်သည့် နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရသေးသဖြင့် မိသားစုမှ စိုးရိမ်ပူပန်မှုများရှိနေကြောင်း သိရသည်။

.

“မိုင်းပန် ရဲစခန်းမှာ ရှိ/မရှိလည်း သေချာမသိရဘူး။ တောင်လေးလုံးကို ပို့တယ်ဆိုတာလည်း မသိရတော့ မိသားစုတွေ စိတ်ပူနေကြတယ်။ ဥပဒေအရ တရားမျှတမှုကို လိုချင်ပါတယ်” ဟု ကိုပြည့်ဖြိုးအောင်၏ အစ်ကို ဦးကျော်မြတ်သူက ပြောသည်။

.

ကာလိမြို့မှ ဖမ်းဆီထိန်းသိမ်းခံထားရသူများမှာ မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရဘဲ အဆက်အသွယ် လည်း မရရှိကြောင်းနှင့် ဖမ်းဆီးခံရသူ ကိုမိုးဇော်မှာ အသည်းရောင်အသားဝါ ဘီပိုး ကူးစက်ခံထားရသည့် ဆေးအမြဲ စားနေရသူဖြစ်သည့်အတွက် စိုးရိမ်ပူပန်နေရကြောင်း ၎င်း၏ မိသားစုဝင်များက ပြောသည်။

.

အလားတူ ကာယဗလမောင် စိုင်းချစ်ငွေမှာလည်း ပြိုင်ပွဲဝင်ရန် ရှိနေပြီး လူငယ်များအား ထိန်းကျောင်းပေးခြင်း ဖြစ်သည့်အတွက် အမြန်ပြန်လွှတ်ပေးစေလိုကြောင်း ၎င်း၏ ဆွေမျိုးတော်စပ်သူ စောဟန်ဦးက ပြောသည်။

.          

ဦးစိုးညွန့်လွင်၏ စာရင်းတွင် ရှမ်းပြည်နယ်အတွင်းရှိ တောင်ကြီး၊ ဟိုပုံး၊ ရွာငံ၊ မူဆယ်၊ လွိုင်လင်၊ တာချီလိတ်၊ နမ့်ခမ်း၊ ကျိုင်းတုံ၊ လားရှိုး၊ မိုးမိတ်၊ ကလော၊ ခိုလမ်၊ ရပ်စောက်၊ ကွန်ဟိန်း၊ မိုင်းပန်၊ မိုင်းဆတ်၊ ဖယ်ခုံ၊ ညောင်ရွှေ၊ မိုင်းကိုင်မြို့ များမှ ၈၄ ဦး ဖမ်းဆီးခံထားရကြောင်း ဖော်ပြထားသည်။

.



.

(သတင်း ဖြည့်စွက်ချက် )
.
ရှမ်းပြည်နယ်အတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရသူများ၏ မိသားစုဝင်များ၊ ၎င်းတို့နှင့် နီးစပ်သူများမှ ကမ္ဘောဇတိုင်းသို့ ပေးပို့လာသော စာရင်း များအရ ဖမ်းဆီး ထိန်းသိမ်းခံထားရသူ စုစုပေါင်း ၉၄ ဦးအထိ ရှိပြီဖြစ်ကြောင်း သိရသည်။
.




Journal Download

Photo of three cats