ကမ္ဘောဇတိုင်း
.
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၏ ယခင်
တောင်ကြီးခရိုင်အတွင်းရေးမှူးဖြစ်သူ ဦးညီညီရွှေသည် ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်၊ ညပိုင်းက
ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း သိရသည်။
.
.ဦးညီညီရွှေသည် ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်၊ ည ၇ နာရီခွဲအချိန်ခန့်က
တောင်ကြီးမြို့၊ အထက (၁) ကျောင်းအနီးရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ထိုင်နေစဉ် အရပ်ဝတ်လူတစ်စုမှ
လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
“အခုပဲ မြို့ငြိမ်းချမ်းမှာ အတင်းလာဆွဲသွားကြတယ် ကြားပါတယ်။
သံပုံးတီးတာ မမီလိုက်ဘူး ပြောပါတယ်။ ကူညီပေးကြပါဦး” ဟု ဦးညီညီရွှေ၏ သားဖြစ်သူက ၎င်း၏
လူမှုကွန်ရက် (Facebook) တွင် ရေးသားထားသည်။
.
ဦးညီညီရွှေသည် ၈၈ မျိုးဆက် ကျောင်းသားဟောင်းတစ်ဦး
ဖြစ်ပြီး NLD ပါတီ၏ တောင်ကြီးခရိုင် အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး
အဖြစ် တာဝန်ယူခဲ့ဖူးသူ တစ်ဦး ဖြစ်သည်။
.
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်က တောင်ကြီးမြို့မှ နိုင်ငံရေး
အကျဉ်းသားဟောင်း ဦးမြင့်ဌေး (ခ) ကိုဘယ်ကျော်၊ ပညာရောင်ခြည် ကိုယ်ပိုင်ကျောင်းမှ
ဦးကြည်ရှိန်နှင့် ရှေ့နေ ဦးကျော်ဝင်းနိုင်တို့
၃ ဦး တို့ကို လည်းကောင်း၊ ပြည်သူ့ပါတီမှ ဦးဝင်းကို ကို ဖေဖော်ဝါရီလ ၁၀ ရက်တွင်လည်းကောင်း
ဖမ်းဆီးထိန်းသိမ်းထားပြီးဖြစ်ကာ ယခု ဖေဖော်ဝါရီလ ၂၀ ရက်တွင် ဦးညီညီရွှေ ထပ်မံဖမ်းဆီးထိန်းသိမ်းခံရခြင်းဖြစ်ကြောင်း
သိရသည်။
.
ရှမ်းပြည်နယ်တွင် စစ်အာဏာသိမ်းပြီးနောက် ယနေ့ ဖေဖော်ဝါရီလ
၂၀ ရက်အထိ ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၁၀၀ ဦးခန့် ရှိပြီဖြစ်ကြောင်း သိရသည်။
.
Photo – Moe Tain
.