မူဆယ်မြို့ရှိ တည်းခိုခန်း၊ ဌာနေပြည်သူ့စစ် အိမ် အပါအ၀င် နေရာ ၃ ခုကို ဖေဖော်ဝါရီ ၂၄ ရက်၊ နံနက်ပိုင်းတွင် အမည်မသိ လက်နက်ကိုင်များက သေနတ်ဖြင့် ဝင်ရောက် ပစ်ခတ်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
ယင်းသို့ သေနတ်ဖြင့် အပစ်ခတ်ခံရသည့် နေရာများမှာ စွမ်စော်ရပ်ကွက်၊ ၁ လမ်းထောင့်ရှိ ထျန်းရှချိုင်ဖု (အပေါင်ဆိုင်တွဲလျက်) တည်းခိုခန်း၊ ပြည်သူ့စစ် အဖွဲ့ဝင် အိုက်ပေါက်၏ နေအိမ်နှင့် မူဆယ်သင်္ချိုင်း အနီးရှိ နေရာများ ဖြစ်ကြောင်း သိရသည်။
.
" တစ်လောင်းနဲ့ ဒဏ်ရာရ တစ်ဦးလို့တော့ ပြောတယ်၊ ကျွန်မတို့တော့ မတွေ့ခဲ့ဘူး၊ လိုက်ရှာတာတော့။ ကားအနက်ရောင်နဲ့ လာပစ်တာ။ ဆက်ကြေးကိစ္စလို့ ထင်တယ်တဲ့။" ဟု ဒေသခံ တစ်ဦးက ပြောသည်။
.
ပြည်သူ့စစ်အဖွဲ့ နေအိမ်ကို ပစ်ခတ်သည်မှာ ၂ ကြိမ် ရှိပြီဖြစ်ပြီး၊ မူဆယ်သင်္ချိုင်း အနီးရှိနေရာမှာ ယခင်ဆင်ကျော့ ပြည်သူ့စစ်များ နေထိုင်သည့် အဖွဲ့အစည်း အိမ်များနှင့်တပ်စခန်း နေရာ ဖြစ်ကြောင်း ၄င်းက ပြောသည်။
.
အဆိုပါ ပစ်ခတ်မှုများကြောင့် ထျန်းရှချိုင်ဖု အပေါင်ဆိုင် (တည်းခိုခန်း) မျက်နှာစာရှိ မှန်များ ပျက်စီးပြီး ပြည်သူ့စစ်အိမ် နံရံများနှင့် မော်တော်ယာဥ် အချို့တွင် ကျည် ထိမှန်မှုများကို တွေ့မြင်ခဲ့ရကြောင်း သိရသည်။