ကမ္ဘောဇတိုင်း
.
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ အဖွဲ့ဝင်များ ယနေ့ ဖေဖော်ဝါရီလ
၁၇ ရက်တွင် ကောင်စီမှ တရားဝင် နုတ်ထွက်ခဲ့ကြကြောင်း သိရသည်။
.
.
“တပ်က အာဏာသိမ်းပြီးတဲ့ နောက်မှာ သတင်းမီဒီယာတွေနဲ့ ပတ်သက်တဲ့
ဥပဒေတွေ ပြဌာန်း၊ ပြင်ဆင်တာတွေ ရှိတယ်။ နောက်ထပ်လည်း လာနိုင်သေးတယ်။ ပြီးတော့ အခု သတင်းသမားတွေ
ဖမ်းဆီးခံရတယ်၊ ရိုက်နှက် ခံရတယ် ဆိုတဲ့ကိစ္စတွေမှာ ကောင်စီအနေနဲ့ ကြားဝင်ဖြေရှင်းပေးဖို့
အခက်အခဲတွေ အများကြီးရှိတယ်။ ရှေ့ဆက် လည်း သတင်းလွတ်လပ်ခွင့်အတွက် ကောင်စီအနေနဲ့ လုပ်ဆောင်ဖို့
စိတ်ခေါ်မှုတွေ အများကြီးဖြစ်လာမယ်။ ကာကွယ် နိုင်ဖို့ မသေချာဘူး။ ဒါကြောင့် နုတ်ထွက်တာပါ”
ဟု မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ တွဲဘက်အတွင်းရေးမှူး (၁) ဦးမြင့်ကျော်က ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
ယင်းကဲ့သို့ ကောင်စီဝင်အဖြစ်မှ နုတ်ထွက်ခဲ့ကြသူများမှာ
ဦးကျော်မင်းဆွေ၊ ဦးမြင့်ကျော်၊ ဦးဇေယျာလှိုင်၊ ဦးချစ်ဝင်းမောင်၊ ဦးခိုင်မြတ်ကျော်၊
ဦးကိုကို (စက်မှုတက္ကသိုလ်)၊ ဦးစောသာထူး (မောင်မောင်ဖောင်တိန်) အပါအဝင် နောက်ဆုံးရရှိထားသော
အမည်စာရင်းအရ ၁၅ ဦးအထိ ရှိကြောင်း ၎င်းထံက သိရသည်။
.
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်တွင် တပ်မတော်မှ နိုင်ငံတော်အာဏာ
သုံးရပ်ကို ရယူခဲ့ပြီးနောက် ပြည်တွင်းရှိ မြို့နယ် ဒေသအသီးသီးတွင် စစ်အာဏာရှင်အား ကန့်ကွက်ဆန္ဒပြပွဲများ
ပြုလုပ်လျက်ရှိရာ အာဏာသိမ်းစစ်ကောင်စီမှ လူမှုကွန်ရက်အသုံးပြုခွင့် ပိတ်ပင်ခြင်း၊ အင်တာနက်လိုင်း
ဖြတ်တောက်ခြင်း အပါအဝင် မီဒီယာကန့်သတ်မှုများကို ဆက်တိုက် လုပ်ဆောင်နေပြီး အချို့မြို့နယ်များတွင်
သတင်းသမားများအား ဖမ်းဆီးထိန်းသိမ်းခြင်းများ၊ တရားစွဲဆိုခြင်းများလည်း ရှိနေသည်ဟု
သိရသည်။
.
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို သမ္မတဦးသိန်းစိန်
လက်ထက်ကတည်းက စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး NLD အစိုးရလက်ထက်တွင်
ထပ်မံဖွဲ့စည်း အတည်ပြုခဲ့ရာ အဖွဲ့ဝင် ၂၈ ဦး ပါဝင်ကြောင်း သိရသည်။
.
No comments:
Post a Comment