တပ်မတော် အာဏာသိမ်းမှုကို ရှုတ်ချကာ သတင်းအလုပ်ကို တားဆီးကန့်သတ်မှု မပြုလုပ်ရန် မြန်မာဂျာနယ်လစ်ကွန်ရက် (MJN) ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တပ်မတော် အာဏာသိမ်းမှုကို ရှုတ်ချကာ သတင်းအလုပ်ကို တားဆီးကန့်သတ်မှု မပြုလုပ်ရန် မြန်မာဂျာနယ်လစ်ကွန်ရက် (MJN) ထုတ်ပြန်

မင်းဇော်မင်း

.

ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရထံမှ တပ်မတော်က အာဏာ သိမ်းယူမှုကို ကန့်ကွက်ရှုတ်ချကြောင်းနှင့် သတင်းအလုပ်များကို တားဆီးကန့်သတ်မှု မပြုလုပ်ရန် မြန်မာဂျာနယ်လစ်ကွန်ရက် (Myanmar Journalists Network) က ယနေ့ ဖေဖော်ဝါရီ ၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရသည်။

.

.

မဲဆန္ဒပေးခဲ့ကြသည့် ပြည်သူများ၏ ဆန္ဒအစစ်အမှန်ဖြစ်သော ၂၀၂ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အပြည့်အဝလေးစားလိုက်နာရန်၊ ဖမ်းဆီးထိန်းသိမ်းထား သူများအားလုံးပြန်လွှတ်ပေးရန်၊ အခြေခံ ဥပဒေကို လေးစားလိုက်နာမည်ဟုဆိုပါလျှင် အခြေခံဥပဒေပါ လူ့အခွင့်အရေး၊ သတင်းလွတ်လပ်ခွင့် အခွင့်အရေးတို့ကို လေးစားလိုက်နာရန်လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

.

ထို့အပြင် ကုလသမဂ္ဂ၏ လူ့အခွင့်အရေးကြေညာစာတမ်းပါ လွတ်လပ်စွာထုတ်ဖော်ခွင့်၊ ပြောဆိုခွင့်၊ သတင်း သိရှိပိုင် ခွင့်ကို လေးစားလိုက်နာပြီး လွတ်လပ်သည့် သတင်းမီဒီယာများ၊ သတင်းအလုပ်ကို တားဆီးကန့်သတ်မှုမပြုလုပ်ရန် အလေးအနက် သတိပေးလိုက်သည်ဟု ဖော်ပြထားသည်။

.

သတင်းသမားများ၏ လုံခြုံရေးကို ထိပါးစေမည့် နောက်ယောင်ခံလိုက်ခြင်း၊ နေအိမ်တွင် လာရာက် စုံစမ်း မေးမြန်းခြင်းတို့ကို မပြုလုပ်ရန်နှင့် သတင်းရယူစဉ်တွင် တရားဥပဒေစိုးမိုးရေး တာဝန်ရှိသူများ ဖြစ်သည့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် အကာအကွယ်ပေးရန် ဥပဒေအရတာဝန်ရှိသည်ဟု ဆိုထားသည်။

.

“မီဒီယာဆိုတာက Freedom of Impression ပေါ့။ သတင်းလွတ်လပ်ခွင့်အပေါ် အခြေခံတာပေါ့။ ရွေးကောက်ပွဲဆိုတာကလဲ ပြည်သူတွေရဲ့ လွတ်လပ်စွာဆန္ဒပြု ရွေးချယ်ခဲ့တာကို စစ်တပ်က အာဏာသိမ်းတာ လက်မခံပါဘူး။ မြန်မာနိုင်ငံမှာ အာဏာရှိလို့ လက်နက်ရှိလို့ ဖြေရှင်းတဲ့ နည်းလမ်းကိုလည်း လက်မခံဘူး။ အဲဒါကို ကန့်ကွက်တယ်၊ လက်မခံကြောင်းပြောတာပေါ့” ဟု မြန်မာဂျာနယ်လစ်ကွန်ရက်မှ ဦးနိုင်မင်းဝေ က ပြောသည်။

.

အာဏာသိမ်းမှုဖြစ်စဉ်များတွင် သတင်းမီဒီယာသမားများမှာ ပစ်မှတ်ဖြစ်တတ်လေ့ရှိပြီး ယခုတွင် လည်း လိုက်မေးနေသည်များ၊ နောက်ယောင်ခံလိုက်ခံရခြင်းများ ရှိလာနေပြီဖြစ်ကြောင်း သတိပေးခြင်းဖြစ်ပြီး မည်သို့ပင်ဖြစ်စေ ပြည်သူများ၏ သတင်းအမှန်သိပိုင်ခွင့်အခွင့်အရေးကို ရသလောက် အားလုံးဝိုင်းဝန်းလုပ်ဆောင်ရန်ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း နှိုးဆော်ပေးခြင်း ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။

.

ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်နှင့်ပတ်သက်၍မူ သတင်းများကို ဖော်ပြနေခြင်းသည် ပူးပေါင်း ဆောင်ရွက်နေခြင်းသာဖြစ်ပြီး သတင်းသမားများမှာ ပြည်သူလူထုကိုသာ သစ္စာခံခြင်း ဖြစ်ကာ Watch Dog အနေဖြင့် အစိုးရမဏ္ဍိုင်ကို ပြည်သူများကိုယ်စားစောင့်ကြည့်ပြီး ပြည်သူများ၏ မွေးရာပါအခွင့်အရေးသတင်းသိပိုင်ခွင့်ကို  ထမ်းဆောင်ခြင်းသာဖြစ်ကြောင်း ၎င်းထံက သိရသည်။

.

Journal Download

Photo of three cats