အာဏာသိမ်း စစ်ကောင်စီ ဆန့်ကျင်ရေး၊ ဝန်ထမ်းများ CDM ပြုလုပ်ရေးနှင့် ဖမ်းဆီးခံရသူများ အမြန် လွှတ်ပေးရန်အတွက် တောင်းဆို ဆန္ဒ ထုတ်ဖော်မှုများကို တောင်ကြီးမြို့တွင် ပုံစံအမျိုးမျိုးဖြင့် ပြုလုပ်လာလျက် ရှိကြောင်း သိရသည်။
.
နံနက်ပိုင်းတွင် ကြွေးကြော်သံများ၊ တောင်းဆိုမှု ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒ ထုတ်ဖော်ခြင်း၊ နေ့လယ်ပိုင်းတွင် သရုပ်ဖော်ပုံစံများ ပြုလုပ်ခြင်း၊ အာဏာရှင် ဆန့်ကျင်ရေး တေးသီချင်း သီဆိုခြင်း၊ ထိုင်သပိတ် ပြုလုပ်၍ ဆန္ဒ ထုတ်ဖော်ခြင်း၊ ညနေပိုင်းတွင် ဘာသာအလိုက် ဆုတောင်းမှုများ အပြင် အခြားသော ပုံစံများဖြင့်လည်း ဒေသခံများက ဆောင်ရွက်နေကြခြင်း ဖြစ်သည်။
.
" ပုံစံ အမျိုးမျိုးနဲ့ လုပ်တယ်ဆိုတာကတော့ မှန်ပေမယ့် ရည်ရွယ်ချက်ကတော့ အာဏာရှင် ဖြုတ်ချရေးအတွက်ပါပဲ။ ဒီနေ့ (ဖေဖော်ဝါရီ ၂၃ ရက်) မနက်ပိုင်း လူနည်းသွားသလိုမျိုး ဖြစ်သွားတယ်၊ ၂၂၂၂၂ မှာ ပင်ပန်းကြတာလည်း ပါတာပေါ့။ ဒါပေမယ့် ညနေပိုင်းမှာ ပဌာန်း ရွတ်ပြီး ဆုတောင်းတာမျိုးတွေ ရှိလာတော့ အရှိန် ကျတယ်ဆိုတာမျိုးတော့ မရှိပါဘူး။"ဟု တောင်ကြီးမြို့နေသူ တစ်ဦးက ပြောသည်။
.
ဖေဖော်ဝါရီလ ၇ ရက်မှ စတင်ခဲ့သော တောင်ကြီးမြို့၏ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ အရှိန် ရပ်တန့်သွားခြင်းမျိုး မရှိဘဲ ဒေသခံ ပြည်သူများက ပုံစံ အမျိုးမျိုးဖြင့် ဆောင်ရွက်နေကြခြင်း ဖြစ်ကာ ၂၂၂၂၂ အရေးတော်ပုံနေ့တွင်မူ အင်အား သိန်းဖြင့် ချီ၍ ဆန္ဒ ထုတ်ဖော်မှုကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။