ကမ္ဘောဇတိုင်း
.
အာဏာသိမ်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ
လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို အကာအကွယ်ပေးရေးဥပဒေပါ ပြဌာန်းချက်အချို့ကို
ရပ်ဆိုင်းကြောင်း ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်၊ ညပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရသည်။
.
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်တွင် ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့်
ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို အကာအကွယ်ပေးရေးဥပဒေ ပုဒ်မ ၅၊ ၇ နှင့် ၈ တို့ပါ ပြဌာန်းချက်များကို
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ၄၂၀ နှင့်အညီ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်းနှင့် ယင်းကဲ့သို့
ရပ်ဆိုင်းခြင်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို တာဝန်ပေးအပ်ထားသည့် ကာလအတွင်းသာဖြစ်သည်ဟု
မှတ်ယူရမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
.
နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို
အကာအကွယ်ပေးရေးဥပဒ ပုဒ်မ ၅ တွင် သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် တာဝန်ရှိသူများသည် တည်ဆဲဥပဒေနှင့်အညီ
မှတစ်ပါး ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုကို ဖြစ်စေ၊ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကိုဖြစ်စေ
နစ်နာဆုံးရှုံးမှုများ မရှိစေရန် မည်သူ့ကိုမဆို ကာကွယ်ပေးရမည်၊ ပုဂ္ဂိုလ် တစ်ဦးဦး၏
နေအိမ်အဖြစ် အသုံးပြုသော အခန်း၊ အဆောက်အအုံ သို့မဟုတ် ပရဝုဏ်နှင့် ပရဝုဏ်အတွင်းရှိ
အဆောက် အအုံများအတွင်းသို့ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ဝင်ရောက်ရှာဖွေခြင်း၊ သိမ်းဆည်းခြင်း
သို့မဟုတ် သူတစ်ဦးဦးအား ရှာဖွေခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်လျှင် သက်ဆိုင်ရာရပ်ကွက်
သို့မဟုတ် ကျေးရွာအုပ်စုရှိ အုပ်ချုပ်ရေးမှူးဖြစ်စေ၊ ဆယ်အိမ်မှူး ဖြစ်စေ တစ်ဦးဦး အပါအဝင်
အနည်းဆုံး သက်သေ ၂ ဦးနှင့်အတူ ဆောင်ရွက်ရမည်ဟု ပြဌာန်းဖော်ပြ ထားသည်။
.
ထို့အပြင် ယင်းဥပဒေ ပုဒ်မ ၇ တွင် မည်သူမျှ တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ ခွင့်ပြုသည့်ကိစ္စမှတစ်ပါး
တရားရုံး၏ ခွင့်ပြုချက်မရှိဘဲ မည်သူ့ကိုမျှ ၂၄ နာရီထက် ကျော်လွန်၍ ချုပ်နှောင်ထားခြင်း
မပြုရ ဟု တားမြစ်ထားပြီး ပုဒ်မ ၈ တွင် မည်သူမျှ တည်ဆဲဥပဒေနှင့်အညီ ခွင့်ပြုမိန်၊ ခွင့်ပြုချက်
သို့မဟုတ် ဝရမ်း တစ်စုံတစ်ရာ မရှိဘဲဖြစ်စေ၊ နိုင်ငံတော် သမ္မတ သို့မဟုတ် ပြည်ထောင်စုအစိုးရ၏
ခွင့်ပြုချက်မရှိဘဲဖြစ်စေ နိုင်ငံသားတစ်ဦး၏ နေအိမ်၊ နေအိမ်အဖြစ် အသုံးပြု ထားသော အခန်း၊
အဆောက်အအုံ သို့မဟုတ် ပရဝုဏ်အတွင်းရှိ အဆောက်အအုံအတွင်း ဝင်ရောက်ရှာဖွေခြင်း၊ သိမ်းဆည်းခြင်း
သို့မဟုတ် သူတစ်ဦးဦးအား ဖမ်းဆီးခြင်း မပြုရ၊ နိုင်ငံသားတစ်ဦး၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့်
ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို အနှောင့်အယှက်ဖြစ်စေသော သို့မဟုတ် လူ့ဂုဏ်သိက္ခာကို
ထိခိုက်စေနိုင်သော နောက်ယောင်ခံ စောင့်ကြည့်ခြင်း၊ စုံထောက်ခြင်းနှင့် စုံစမ်းခြင်းမပြုရ၊
ပုဂ္ဂိုလ်တစ်ဦးနှင့် တစ်ဦးအကြား ဆက်သွယ်ရေး ပစ္စည်းကိရိယာ တစ်မျိုးမျိုးဖြင့် ဆက်သွယ်ပြောကြားခြင်းကို
ကြားဖြတ် ဖမ်းယူနားထောင်ခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် အနှောင့်အယှက်ပေးခြင်းမပြုရ၊
ဆက်သွယ်ရေး အော်ပရေတာများထံမှ ပုဂ္ဂိုလ်ဆိုင်ရာ တယ်လီဖုန်း နှင့် အီလက်ထရွန်နစ် ဆက်သွယ်ရေးသတင်းအချက်အလက်များအား
တောင်းယူခြင်း၊ ထုတ်ပေးခြင်း မပြုရ၊ အခြားသူ၏ ပုဂ္ဂိုလ်ဆိုင်ရာ ကိစ္စအလို့ငှာ ဆက်သွယ်ပေးပို့သည့်
စာပေးစာယူ၊ စာအိတ်၊ ချောထုပ်၊ ပါဆယ်ထုပ် တစ်ခုခုကို ဖွင့်ဖောက်ခြင်း၊ ရှာဖွေခြင်း၊
သိမ်းဆည်းခြင်း၊ ဖျောက်ဖျက်ခြင်း သို့မဟုတ် ဖျက်ဆီးခြင်း မပြုရ၊ နိုင်ငံသား တစ်ဦး၏
ပုဂ္ဂိုလ်ဆိုင်ရာ၊ မိသားစုဆိုင်ရာ ကိစ္စများတွင် အဓမ္မ ဝင်ရောက်စွက်ဖက်ခြင်း သို့မဟုတ်
လူတစ်ဦး၏ ဂုဏ် သိက္ခာနှင့် ထင်ပေါ်ကျော်ကြားမှုကို ပုတ်ခတ်ခြင်း သို့မဟုတ် ထိခိုက်စေရန်
တစ်နည်းနည်းဖြင့် ဆောင်ရွက်ခြင်း မပြုရ၊ နိုင်ငံသားတစ်ဦး၏ တရားဝင် ရရှိပိုင်ဆိုင်ထားသော
ရွှေ့ပြောင်းနိုင်သော ပစ္စည်းကိုသော်လည်းကောင်း၊ မရွှေ့ပြောင်း နိုင်သောပစ္စည်း ကိုသော်လည်းကောင်း
မတရားသိမ်းယူခြင်း သို့မဟုတ် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တမင် ပျက်စီးစေခြင်း
သို့မဟုတ် ဖျက်ဆီးစေခြင်း မပြုရ ဟု တားမြစ်ပြဌာန်းထားသည်။
.
ထို့အတူ ဧည့်စာရင်းတိုင်ကြားရန် ပျက်ကွက်ပါက အရေးယူခံရမည့် ရပ်ကွက်
သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့်
ဥပဒေကိုလည်း အာဏာသိမ်း စစ်ကောင်စီက ယနေ့တွင် ထုတ်ပြန်ခဲ့သည်။
.