အာဏာရှင် ပြုတ်ကျရေး အစီအစဥ် ဖြစ်သော CDM ၌ ပါဝင်ကြသည့် ဆီဆိုင်မြို့နယ်မှ CDM ဝန်ထမ်း ၁၅၀ ကျော်ကို ဆန်၊ ဆီ၊ ဆား ရိက္ခာများ အပါအဝင် လိုအပ်သည်များကို ကူညီ ထောက်ပံ့မှုများကို ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက်မှ စတင်၍ ပြုလုပ်နေကြောင်း သိရသည်။
.
" ဝန်ထမ်း တစ်ဦးကို ဆန် ၁၂ ပြည်ပါ တစ်အိတ်၊ ဆီ ၃ ပိဿာ၊ ဆား ၂ ပိဿာ စီ အိမ်တိုင်ရာရောက် လိုက်ပြီး ထောက်ပံ့ပေးနေတာပါ။ လောလောဆယ် CDM ဝန်ထမ်း ၁၁၅ ဦး ရှိပါတယ်။ အဆက်မသွယ် မရသေးတဲ့ ဝန်ထမ်းတွေလည်း ရှိနေတာမို့ အဆက်အသွယ် ရတာနဲ့ ဆက်လက် ထောက်ပံ့မှာပါ။"ဟု ဆီဆိုင်မြို့မှ Gen-Z တစ်ဦးက ပြောသည်။
.
ယင်းကဲ့သို့ ထောက်ပံ့ လှူဒါန်းမှုနှင့် ပတ်သက်၍ CDM ဝန်ထမ်း တစ်ဦးကမူ ပြည်သူထဲက ပြည်သူ့ဝန်ထမ်း ဖြစ်၍ ပြည်သူအတွက် CDM ပြုလုပ်ခြင်း ဖြစ်ကြောင်း၊ ပြည်သူများ အဆင်မပြေသည်ကို သိနေ၍ ထောက်ပံ့ခြင်းအား မယူလိုသော်လည်း ၎င်းတို့ စိတ်မကောင်း ဖြစ်မည်ကို စိုးရိမ်၍ လက်ခံခဲ့ကြောင်း ရှင်းပြသည်။
.
ဆီဆိုင်မြို့နယ် အတွင်းရှိ ပြည်သူများနှင့် ပြည်ပရောက် ဆီဆိုင်မြို့နယ် ဇာတိများက CDM ဝန်ထမ်းများအတွက် အထောက်အကူ ဖြစ်စေရန် ရည်ရွယ်၍ စုပေါင်း လှူဒါန်းခြင်း ဖြစ်ကာ လက်ရှိတွင် အလှူငွေကျပ်သိန်း ၄၀ ခန့် ရရှိနေပြီ ဖြစ်ကြောင်း သိရသည်။