ရှမ်းပြည်နယ် အတွင်းရှိ သပိတ်စစ်ကြောင်းများ၊ တစ်ကိုယ်တော် နိုင်ငံရေးလှုပ်ရှားသူများ၊ အရပ်ဖက် လူမှုအဖွဲ့စည်းများနှင့် တက်ကြွ လှုပ်ရှားသူများ၊ GenZ လူငယ်များနှင့်အတူ ဒေသခံ အလုပ်သမား၊ လယ်သမား၊ အလွှာအသီးသီးမှ လူမျိုးပေါင်းစုံတို့၏ ပူးပေါင်းပါဝင်မှုဖြင့် စစ်အာဏာရှင်စနစ် ကျဆုံးရေး လှုပ်ရှားမှု အစီအစဉ် အဖြစ် အထွေထွေသပိတ် (တနင်္ဂနွေသပိတ်)ကို မြို့တော် တောင်ကြီးတွင် ဖေဖော်ဝါရီလ ၂၁ ရက်(တနင်္ဂနွေနေ့) ၌ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
.
“ နိုင်ငံရေး မျှော်မှန်းချက် တူသူများ စစ်အာဏာရှင် ရွံမုန်းသူများ ပူးပေါင်း ပါဝင်ပေးနိုင်ရန် ဖိတ်ခေါ်ပါတယ်။ တောင်ကြီးနဲ့ အနီးဆုံး မြို့နယ်တွေက ပြည်သူတွေ အနေနဲ့ တောင်ကြီး သပိတ်စစ်ကြောင်းကို လာရောက် ပူးပေါင်းပြီး ရှမ်းပြည်ရဲ့ လူထု အင်အားကို ပြသကြဖို့ ဖိတ်ခေါ်ပါတယ်။ ဝေးတဲ့ မြို့နယ်တွေကလည်း မိမိတို့ မြို့နယ် ရပ်ရွာ အသီးသီးမှာပဲ လှုပ်ရှားမှု ပြုလုပ်ပေးဖို့ မေတ္တာရပ်ခံပါတယ်။”ဟု တောင်ကြီးမြို့ GenZ လူငယ် တစ်ဦးက ပြောသည်။
.
အဆိုပါ အထွေထွေ သပိတ် (တနင်္ဂနွေသပိတ်)ကို တောင်ကြီးမြို့၊ ကန်အောက်ရပ်ကွက်၊ မင်းကျောင်းအနီး၊ ဗိုလ်ချုပ်အောင်ဆန်း လမ်းမတွင် စုရပ်အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။
.
အထွေထွေ သပိတ်တွင် ပူးပေါင်း ပါဝင်ကြသူများအနေဖြင့် မိမိတို့ လုပ်ငန်းခွင် အသီးသီး၌ ကိုင်ဆောင် အသုံးပြုရာ (ဥပမာ - ပေါက်ပြား) ပစ္စည်းများကို ပုံစံတူ ပြုလုပ်၍ ကိုင်ဆောင် လာကြရန်ကိုလည်း GenZ များက တိုက်တွန်းထားသည်။
.
ယခု ပြုလုပ်မည့် သပိတ်သည် စစ်အာဏာရှင် အပြီးတိုင် ကျဆုံးရေးနှင့် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး ပြည်တွင်း ငြိမ်းချမ်းရေးကို ဦးတည်သော ပါတီစွဲ လူမျိုးစွဲ မရှိ ရှမ်းပြည်ဖွားတို့၏ သပိတ် ဖြစ်ပြီး စစ်အာဏာရှင် အပြီးတိုင် ကျဆုံးသည်ထိ တနင်္ဂနွေနေ့တိုင်းတွင် မြို့နယ် ရပ်ရွာအသီးသီး၌ ရည်ရွယ် လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။