နမ္မတူမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ ၂၀၀ ကျော် ထွက်ပြေးတိမ်းရှောင်လာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နမ္မတူမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ ၂၀၀ ကျော် ထွက်ပြေးတိမ်းရှောင်လာ

မင်းဇော်မင်း

.

ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် RCSS နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားမှုများကြောင့် ဒေသခံ ၂၀၀ ကျော် ကျေးရွာများမှ ထွက်ပြေးတိမ်းရှောင်လာကြကြောင်း သိရသည်။

.

.

“မနေ့ကတည်းက မန်စံမြောက်ကျောင်းကို ရောက်လာကြတာပါ။ မန်ဝါရွာကတော့ မြို့ပေါ်ရောက်လာတာ ၆၀ ရှိပြီ။ စာရင်းယူနေဆဲပါပဲ” ဟု နမ္မတူမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဝင်းကိုက ပြောသည်။

.

ထို့အတူ ကျောက်မဲမြို့နယ်၊ မန်စံကျေးရွာ၊ ပုဗ္ဗာရုံဘုန်းတော်ကြီးကျောင်းသို့ စစ်ရှောင် ၁၅၀ ဦး ရောက်ရှိခိုလှုံနေ ကြောင်း စစ်ရှောင်ကူညီရေးအဖွဲ့ထံက သိရသည်။

.

လားရှိုး-နမ္မတူကားလမ်း၊ ပိန်းလုံကျေးရွာအနီးတွင် ဖေဖော်ဝါရီလ ၁၃ ရက်၊ ညနေပိုင်းက RCSS နှင့် TNLA တို့ ထိတွေ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့သဖြင့် ပိန်းလုံ၊ နားကျဲ၊ နားကျိုင်း၊ မန်ဝါနှင့် ကွန်ကျောင်းကျေးရွာများမှ ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်၊ နေ့လယ်ပိုင်းအထိ မန်စံစစ်ဘေးရှောင်စခန်းသို့ ၁၅၀ ဦး ရောက်ရှိခိုလှုံနေခြင်းဖြစ်ကြောင်း စစ်ရှောင်ကူညီရေးအဖွဲ့မှ ဒေါ်ခမ်းမီ ထံက သိရသည်။

.

“အိမ်ထောင်စု ၄၄ စု၊ လူဦးရေ ၁၅၀ ရှိတယ်။ စာရင်းကောက်ယူနေဆဲပါ။ လိုအပ်တာတွေကို လုပ်ပေးနေကြပါတယ်” ဟု ဒေါ်ခမ်းမီက ပြောသည်။

.

မန်ဝါကျေးရွာဘက်တွင် လက်နက်ကြီး ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း ဒေသခံများထံက သိရသည်။

.

Journal Download

Photo of three cats