မင်းဇော်မင်း
.
တပ်မတော်က
အာဏာသိမ်းယူမှုနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်းမရှိဘဲ
သိမ်းပိုက်သည်ဆိုကာ ပြင်းထန်စွာပြစ်တင်ရှုတ်ချကြောင်း မြန်မာနိုင်ငံရှေ့နေများကွန်ရက်က
ဖေဖော်ဝါရီလ ၃ ရက်စွဲပါ စာဖြင့် သဘောထားကြေညာချက် ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရသည်။
.
.
၂၀၀၈
ဖွဲ့စည်းပုံအခြေခံဥပဒေကို အသက်နှင့်လဲ၍ ကူညီစောင့်ရှောက်ပါမည်ဟု ပြောခဲ့သော
တပ်မတော်မှ ဖေဖော်ဝါရီ ၁ရက်တွင် နိုင်ငံတော်အာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်းမရှိဘဲ
အဓမ္မသိမ်းယူထားခြင်းအား မြန်မာနိုင်ငံရှေ့နေများကွန်ရက်က ပြင်းထန်စွာပြစ်တင်ရှုတ်ချကြောင်း
ကြေညာအပ်ပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
.
ထို့အပြင် ပြည်သူက
ရွေးကောက်တင်မြှောက်ထားသော အစိုးရနှင့် လွှတ်တော်ကိုယ်စားလှယ် များ၏ ဖြစ်တည်မှုကို
အသိအမှတ်ပြု၍ ဖမ်းဆီးထိန်းသိမ်းမှုများ မပြုလုပ်ရန်၊ ဖမ်းဆီးထားသည့် ရဟန်းသံဃာဆရာတော်ကြီးများ၊
ပြည်သူ့စာရေးဆရာများ၊ အနုပညာရှင်များအားလုံးကို ခြွင်းချက်မရှိ
အမြန်ဆုံးပြန်လွှတ်ပေးရန်၊ တရားဥပဒေစိုးမိုးရေးနှင့် ဒီမိုကရေစီစနစ်ကို
လေးစားလိုက်နာ၍ နိုင်ငံတော်အာဏာကို လက်နက်ဖြင့်သိမ်းယူခြင်းအားပြန်လည်
ရုပ်သိမ်းရန် တို့ကို တောင်းဆိုကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။
.
“ဖွဲ့စည်းပုံကို
အသက်ပေးစောင့်ရှောက်မယ်ဆိုတဲ့ တပ်က သူတို့ပဲ အဲဒီဖွဲ့စည်းပုံကို မလိုက်နာ ဖောက်ဖျက်
ကျူးလွန်ပြီး လက်နက်နဲ့အာဏာသိမ်းတာဖြစ်လို့ ဒီကန့်ကွက်ချက်ကို ထုတ်ပြန်တာပါ” ဟု
မြန်မာနိုင်ငံရှေ့နေများကွန်ရက်အဖွဲ့ဝင် ဦးမြင့်အောင်ထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ပြီးခဲ့သည့် ၂၀၂၀
ပြည့်နှစ်၊၊ နိုဝင်ဘာလ ၈ ရက်က ကျင်းပခဲ့သော ပါတီစုံဒီမိုကရေစီ အထွေထွေ
ရွေးကောက်ပွဲနှင့် ပတ်သက်၍ မဲစာရင်း မသမာမှုများ ရှိနေသည်ဟုဆိုကာ ဖေဖော်ဝါရီလ ၁
ရက်တွင် တပ်မတော်မှ အာဏာသိမ်းယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.