ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် ပြုလုပ်မည့် နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီအား
ကြိုဆိုထောက်ခံပွဲ ၌ ရန်ကုန်မြို့၊ ဖြူးမြို့နှင့် အေးသာယာမြို့များမှ ပုဂ္ဂိုလ် ၃
ဦးက ဦးဆောင်ဟောပြော သွားမည်ဖြစ်ကြောင်း သိရသည်။
.
.
အဆိုပါ နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီ အစိုးရအား ကြိုဆိုထောက်ခံပွဲကို
ဖေဖော်ဝါရီလ ၁၉ ရက်၊ နေ့လယ်ပိုင်းတွင် ပြုလုပ်သွားမည်ဖြစ်ပြီး အေးသာယာမြို့နေ ဒေါ်ညွန့်စိန်
(ခ) ဒေါ်မူစိန်က ဦးဆောင်ကာ ၎င်းအပါအဝင် ရန်ကုန်မြို့နေ ရှေ့နေ ဦးအေးပိုင်နှင့် ဖြူးမြို့နေ
ဦးစိုးမြင့်ဦး တို့က ဦးဆောင်ဟောပြောသွားမည်ဖြစ်ကြောင်း သိရသည်။
.
ယင်းကိစ္စနှင့် ပတ်သက်၍ ဦးဆောင်သူ ဒေါ်ညွန့်စိန်အား ကမ္ဘောဇတိုင်းမှ
ဆက်သွယ်မေးမြန်းရာတွင် “ထောက်ခံပွဲ လုပ်မှာ ဟုတ်ပါတယ်။ ကျွန်မတို့ သတင်းပြန်ကြားရေးရှိပါတယ်။
အဲဒီကိုပဲ မေးလိုက်ပါ။ ဖုန်းနံပါတ် SMS ပို့လိုက်ပါမယ်” ဟု ပြန်လည်ဖြေကြားခဲ့ပြီး
ဖုန်းနံပါတ်အား ပေးပို့လာခဲ့ခြင်းမရှိချေ။
.
ထိုသို့ နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီအစိုးရအား ကြိုဆိုထောက်ခံပွဲ
ပြုလုပ်ရာတွင် ဖေဖော်ဝါရီလ ၁၉ ရက်၊ နေ့လယ် ၁၂ နာရီခွဲအချိန်၌ တောင်ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်၊
မူလမင်းကွန်းကျောင်းတိုက်ရှေ့တွင် စတင်စုဝေးပြီး ထိုမှ တစ်ဆင့် အထက (၂) ကျောင်းရှေ့အထိ
ကားများဖြင့် ချီတက်ကာ အထက (၂) ကျောင်းရှေ့မှ တောင်ကြီးဂေါက်ကွင်း မြောက်ဘက် အထိ ကြွေးကြော်သံများဖြင့်
လမ်းလျှောက်ချီတက်ပြီး ဟောပြောသွားမည်ဖြစ်ကြောင်း သိရသည်။
.
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်က တပ်မတော်မှ
နိုင်ငံတော်အာဏာ သုံးရပ်ကို သိမ်းယူခဲ့ပြီးနောက် မြန်မာနိုင်ငံ တစ်ဝှမ်း
မြို့နယ်ဒေသ အသီးသီးတွင် စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြပွဲများ ဖြစ်ပွားလျက်ရှိပြီး
မြို့နယ်အချို့တွင် နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီနှင့် တပ်မတော် ထောက်ခံသူများက
တန်ပြန် ဆန္ဒပြပွဲများ ပြုလုပ်နေကြခြင်း ဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment