ကျောက်မဲမြို့ပေါ်ရှိ တိုက်ပွဲရှောင်များ နေရပ်ပြန်နိုင်ခြင်း မရှိသေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျောက်မဲမြို့ပေါ်ရှိ တိုက်ပွဲရှောင်များ နေရပ်ပြန်နိုင်ခြင်း မရှိသေး

□ မိုင်းထွန်း

.



ကျောက်မဲမြို့ပေါ်ရှိ တိုက်ပွဲရှောင် စခန်း ၄ နေရာ၌ တိမ်းရှောင် ခိုလှုံနေကြသည့် တိုက်ပွဲရှောင်ပြည်သူ ၁၀၀၀ ဦး ခန့်သည် ယနေ့ ​ဖေ​ဖော်ဝါရီလ ၃ ရက်အထိ နေရပ်သို့ ပြန်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

.

ကျောက်မဲမြို့နယ် ၊ လွယ်အံတင်း ကျေးရွာအုပ်စု အတွင်း RCSS နှင့် TNLA တို့အကြား ဒီဇင်ဘာလ ၂၅ ရက်မှ ဇန်နဝါရီ လဆန်းပိုင်းအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် လွယ်အံတင်း၊ ပန်လော့၊ ကောင်းခါး၊ မန်စပ်၊ ပန်မခံနှင့် ခုံငင်း ကျေးရွာများမှ ပြည်သူ ၁၀၀၀ ကျော်တို့သည် ကျောက်မဲမြို့ပေါ်ရှိ ဝါဆိုကျောင်းတိုက်၊ မန်‌ကောင်းမူး စာသင်ကျောင်း၊ သန္တိသုခ ဓမ္မာရုံနှင့် အောင်မင်္ဂလာ ဘုန်းတော်ကြီးကျောင်းတို့၌  ဒီဇင်ဘာလကုန်ပိုင်းမှ စ၍ ရောက်ရှိ ခိုလှုံ​နေကြရခြင်း ဖြစ်သည်။

.

အဆိုပါ လွယ်အံတင်းကျေးရွာအုပ်စု အတွင်း၌ တိုက်ပွဲ ဖြစ်ပွားမှု မရှိတော့သော်လည်း တိုက်ပွဲများ ထပ်မံဖြစ်လာမည်ကို ကြောက်ရွံ့နေပြီး နေရပ်သို့ မပြန်နိုင်ခြင်း ဖြစ်‌ကြောင်း သိရသည်။

.

တိုက်ပွဲရှောင်များ စတင်ရောက်ရှိစ ကာလများတွင် ရပ်နီး ၊ ရပ်ဝေး အလှူရှင်များနှင့် အဖွဲ့အစည်း အသီးသီးမှ စားနပ်ရိက္ခာ၊ အဝတ်အထည်နှင့် အသုံးအဆောင်ပစ္စည်းများ လာရောက် လှူဒါန်းမှု ရှိသော်လည်း ဇန်နဝါရီ  ၂၁ ရက်မှစ၍ လာရောက် ထောက်ပံ့လှူဒါန်းသည့် အလှူရှင်များ နည်းပါးလာသဖြင့် ရိက္ခာ လုံလောက်မှု မရှိတော့ကြောင်း တိုက်ပွဲ‌​​ရှောင်စခန်းတွင် ကူညီဆောင်ရွက်ပေးနေသူ ဦးဇော်ထက်နိုင်၏ ပြောကြားချက်အရ သိရသည်။

.

တိုက်ပွဲရှောင် စခန်းများ၌ ယနေ့အထိ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု ၂၅၀ စု၊ လူဦးရေ ၉၇၀ ခန့် ကျန်ရှိနေ‌​ကြောင်း သိရသည်။

Journal Download

Photo of three cats