□ ကမ္ဘောဇတိုင်း
.
မနေ့ (ဖေဖော်ဝါရီလ ၁၁ ရက်) ညပိုင်းက ဖုန်း အဝင်ခေါ်ဆိုမှုပေါင်း များစွာနဲ့အတူ လူမှုကွန်ရက်ပေါ်တွင် Post ပေါင်း များစွာကို တွေ့မြင် ကြားသိခဲ့ရသည်။
.
အကြောင်းအရာမှာ တူညီသော အကြောင်းအရာ တစ်ခုတည်းသာ ဖြစ်ပြီး ယင်းမှာ တောင်ကြီးမြို့ အပါအဝင် ရှမ်းပြည်နယ်နှင့် မြန်မာနိုင်ငံ တစ်ဝှမ်းတွင် ည အချိန်မတော် ခွေးဆွဲခံရသည့် အကြောင်းအရာများနှင့် ခွေးများကို ကူညီမောင်းထုတ်ပေးကြရန်ပင် ဖြစ်သည်။
.
ခွေးလေခွေးလွင့်များသည် နေ့ဘက်တွင် ပြည်သူအပေါင်း စုပေါင်း သွားလာလှုပ်ရှား နေမှုကြောင့် ပုန်းအောင်း၊ ငြိမ်ကုပ်နေသော်လည်း အများသူငါ အိပ်စက် အနားယူချိန်တွင်မူ အုပ်စုဖွဲ့ ရမ်းကားကြပေတော့သည်။ ယင်း ခွေးလေခွေးလွင့်များမှာ ညအမှောင်ကို အခွင့်ကောင်း ယူ၍ အများပြည်သူကို စိတ်ဒုက္ခ ပေးသကဲ့သို့ အချို့ နေအိမ်များကို ခိုးဝင်ကာ စိတ်ထင်ရာ ဆောင်ရွက်နေကြခြင်း ဖြစ်ပေသည်။
.
.
ခွေးလေခွေးလွင့်များသည် မြင်သမျှ ကိုက်တတ်သည်၊ ကျွေးသည့် လက်ကိုလည် အရှက်သိက္ခာ မရှိ ကိုက်တတ်သည်။ "ကိုက်သူလည်း ခွေး၊ ရိုက်သူလည်း ခွေး"ဟု ရှေးလူကြီးများ၏ အဆိုအရ ယင်းတို့ကို ရှောင်ကွင်း သွားလာကြရသည်။
.
Wikipedia တွင် ခွေးလေခွေးလွင့်များနှင့် ပတ်သက်၍ " မည်သူကမှ မပိုင်၊ တန်ဖိုးလည်း မထားသော ခွေးဝင်စား ခေါ် အလေ့ပေါက် ခွေးများ ရှိသည်။ အိမ်ကြိုအိမ်ကြားများတွင် နေထိုင်ကာ တွေ့ရာကို ရှာဖွေစားသောက်ကြ၏။ ဤ ခွေးလေများကြောင့် ကူးစက်တတ်သောရောဂါများ ပြန့်ပွားလေ့ ရှိသည့်အတိုင်း နိုင်ငံကြီးများ၌ ခွေးပိုင်ရှင်တို့သည် ခွေးများကို အစိုးရထံ အခွန်ဆောင်ရသော လိုင်စင်ဖြင့်သာ မွေးမြူနိုင်ပေသည်။ ခွေးမှ ကူးစက်တတ်သော ရောဂါများအနက် အထူးသဖြင့် ခွေးရူးပြန်ရောဂါမှာ ကြောက်မက်ဖွယ် အကောင်းဆုံးပင် ဖြစ်သည်။"ဟု အဓိပ္ပါယ် ဖွင့်ဆိုထားသည်။
.
မှန်ပေသည်၊ ခွေးလေခွေးလွင့်များ အဆွဲခံ၊ အကိုက်ခံ ရပါက ဒဏ်ရာ ရရှိနိုင်သလို ခွေးရူးပြန် ရောဂါပင် ရနိုင်သည်။
.
စဥ်းစားရန် အချက်မှာ အဆိုပါ ခွေးလေခွေးလွင့်များမှာ နေ့ဘက်တွင် ညဘက်ကဲ့သို့ ဆိုးသွမ်းခြင်း မရှိသည့်အတွက် ပိုင်ရှင် ရှိဟန်လည်း ဖြစ်နေသည်။ ခွေးသည် သခင်ကို သစ္စာဖောက်၍ စွန့်ပစ်လေ့ မရှိချေ၊ သခင်အတွက် အသက်ကိုပင် စွန့်တတ်သည်ဟု လေ့လာသိရှိရခြင်းကြောင့် ၎င်းတို့ သခင်အလိုကျ လုပ်နေသည့် သစ္စာခံ ခွေးများလည်း ဖြစ်နိုင်ပေသည်။
.
ခေတ်ကာလ မကောင်းသည့် အခြေအနေအရ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ အမိန့် ထုတ်ပြန်ထားသော်လည်း ယင်းဥပဒေသည်ကား ခွေးလေခွေးလွင့်များ အတွက် သက်ရောက်ခြင်း မရှိပေ။ အကြောင်းမှာ လူများ လိုက်နာရသည့် ဥပဒေကို ခွေးများ လိုက်နာရန် မလိုအပ်ခြင်းကြောင့် ဖြစ်သည်။
.
ပြည်သူများ အနေဖြင့် ခွေးလေခွေးလွင့်များကို ကြောက်ရွံ့ရန်တော့ မလိုပေ၊ မိမိတို့ ပြည်သူများအနေဖြင့် ၎င်းတို့ ကြောက်သည့် နေ့ဘက်ကို အခွင့်ကောင်းယူကာ မောင်းထုတ်ရပေမည်။ တစ်ရက် သို့မဟုတ် တစ်လ၊ တစ်နှစ် ကြာကောင်း ကြာနိုင်သော်လည်း အဆုံးတွင် လူသားတို့ကသာ အနိုင်ရကြမည်မှာ မလွဲပေ။
.
သို့သော်လည်းပဲ အထက်ပါ ခွေးလေခွေးလွင့်များ ကိုက်ဆွဲပါက ဖြစ်ပေါ်လာနိုင်သော အခြေအနေကို ထောက်ရှု၍ ရှောင်နေရပေမည်။ ၎င်းတို့ ပျော်မြူးရာ အချိန်ဖြစ်သည့် ညအချိန်များတွင် ခွေးဆွဲ မခံရစေရေး အထူး သတိထား ရှောင်ရှားကြရပေမည်။
.
ထို့အတူ ပြည်သူများ စိတ်ချမ်းမြေ့ပျော်ရွှင်စွာ အိပ်စက် အနားယူနိုင်စေရန်အတွက် နေ့ဘက်တွင် ပြည်သူများ စုဖွဲ့၍ ခွေးမောင်းခြင်းကို လည်းကောင်း၊ ညဘက်တွင် ခွေးများ ကြောက်လန့်စေရန် သံပုံးတီး ခြောက်လှန့်၍ လည်းကောင်း စသည်ဖြင့် ခွေးလေခွေးလွင့်များ မောင်းထုတ်ခြင်း အစီအစဥ်ကို အရှိန်အဟုန်မြှင့်၍ အမြန် အကောင်အထည်ဖော် ဆောင်ရွက်ကြရန် တိုက်တွန်းလိုက်ရပေသည်။
.