အထူးဒေသ(၄) နမ့်ပန်းဒေသမှ မြန်မာလုပ်သား ၂၀၀ ကျော် မိုင်းယုမြို့မှ တဆင့် နေရပ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အထူးဒေသ(၄) နမ့်ပန်းဒေသမှ မြန်မာလုပ်သား ၂၀၀ ကျော် မိုင်းယုမြို့မှ တဆင့် နေရပ်ပြန်

□ ကိုကိုနိုင် (မိုင်းယု)

.



ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့သို့ အထူးဒေသ(၄)၊ နမ့်ပန်းဒေသမှ နေရပ်ပြန် မြန်မာအလုပ်သမား ၂၀၉ ဦးကို ဖေဖော်ဝါရီ ၃ ရက်၊ နံနက်က မိုင်းယု-ကျိန်းယဲန်းတံတားမှ တစ်ဆင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပို့ဆောင်ပေးခဲ့​ကြောင်း သိရသည်။

.

အဆိုပါ နေရပ်များမှာ နေပြည်တော်ကောင်စီနယ်မြေ၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီ၊  မန္တလေး၊ ပဲခူး၊ မကွေး၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ ကျား ၁၄၀ ဦး၊ မ ၆၉ ဦး စုစုပေါင်း အလုပ်သမား ၂၀၉ ဦးတို့ဖြစ်ပြီး ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်အချိန်တွင် အထူးဒေသ(၄)၊ နမ့်ပန်းဒေသမှ ဒုအုပ်ချုပ်ရေးမှူး ဦးအိုက်စိုင်းမွန်းနှင့် အဖွဲ့က မိုင်းယု-ကျိန်းယဲန်းတံတားပေါ်တွင် လွှဲပြောင်းပေးကာ မိုင်းယောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ မိုင်းယောင်းမြို့နယ် စခန်းမှူး ရဲမှူး မျိုးမြင့်ဦးနှင့် မိုင်းယုမြို့ အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုးတို့မှ လက်ခံ ကြိုဆိုခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

.

ယင်းနောက် နေရပ်ပြန် အလုပ်သမားများကို မြို့မရပ်ကွက်ရှိ ကားကြီးကွင်းအနီးတွင် မိုင်းယောင်းမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာ အဖွဲ့တို့က မိမိဒေသတို့ နိုင်ငံတော်မှ သတ်မှတ်ထားသည့် အတိုင်း မည်သို့ အဆင့်ဆင့် သွားရောက်ရမည် စသည့် အခြေအနေများကို ရှင်းလင်းပြောကြားပြီး စစ်ဖက်ဆိုင်ရာ အဖွဲ့များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအဖွဲ့များ၊ လူမှုကူညီရေး အသင်းအဖွဲ့များ၊ အမျိုးသမီးရေးရာ အဖွဲ့များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့များက လိုအပ်သည့် လူဦးရေ စာရင်းကောက်ယူခြင်း၊  ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အစားအသောက်များ ဝေငှပေးခြင်း၊ သတ်မှတ်လိုင်းကားများ စီးနင်းနိုင်ရန် စီစဉ် ပေးခြင်းများ ပြုလုပ်ပေးကြပြီး မိုင်းယုမြို့မှတစ်ဆင့်  မိုင်းယောင်းမြို့သို့ သတ်မှတ်လိုင်းကား ၈ စီး ဖြင့် မွန်းလွဲ ၃ နာရီကျော်ခန့်က ထွက်ခွာ သွားခဲ့ကြောင်း သိရသည်။

Journal Download

Photo of three cats