ကမ္ဘောဇတိုင်း
.
ကျောက်မဲမြို့နယ်အတွင်း RCSS နှင့် TNLA၊ SSPP
ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နေဆဲ ဖြစ်သဖြင့် တော့ဆန်ကျေးရွာအုပ်စုမှ
တိုက်ပွဲရှောင် ၅၀ ကျော်သည် ယနေ့ ဖေဖော်ဝါရီလ ၁၇ ရက် တွင် ကျောက်မဲမြို့နယ်၊ ပန်စံကျေးရွာသို့
ထပ်မံရောက်ရှိလာကြောင်း ကျောက်မဲမြို့ စစ်ရှောင်များ ကူညီထောက်ပံ့ရေးအဖွဲ့ ဥက္ကဋ္ဌ
ဦးတင်မောင်သိန်း ထံက သိရသည်။
.
.
“နှစ်ဘက်အဖွဲ့က ခွင့်ပြုလို့ ထွက်လာရတာလို့ သိရတယ်။ စားဝတ်နေရေးအတွက် အခု လာလှူနေ
ကြပါတယ်။ ဒါပေမဲ့ မလုံလောက်သေးဘူး။ အခုပဲ ကား ၃ စီးနဲ့ ၅၀ ဦး ထပ်ရောက်လာတယ်” ဟု ဦးတင်မောင်သိန်းက
ပြောသည်။
.
အဆိုပါ စစ်ဘေးရှောင်များအတွက် ဆန်နှင့် ဟင်းချက်စရာ ရိက္ခာများ၊ စောင်နှင့် အဝတ်အထည်များ
လိုအပ်မည်ဖြစ်သဖြင့် အလှူရှင်များမှ တတ်စွမ်းသမျှ ကူညီထောက်ပံ့ ပေးလျက်ရှိကြောင်း ၎င်းထံက
သိရသည်။
.
တော့ဆန်ကျေးရွာအုပ်စုရှိ မန်စန်း၊ တုံခန်၊ ကလောဝိုင်းနှင့် တောင်ပလို့ကျေးရွာများမှ
အိမ်ထောင်စု ၁၁၅ စု၊ လူဦးရေ ၃၇၈ ဦးတို့သည် ဖေဖော်ဝါရီလ ၁၆ ရက်က ပန်စံကျေးရွာသို့ တိုက်ပွဲရှောင်
ရောက်ရှိလာခဲ့ပြီးဖြစ်ကာ ယနေ့ ဖေဖော်ဝါရီလ ၁၇ ရက်တွင် ကလောဝိုင်းကျေးရွာမှ ၅၀ ဦး ထပ်မံ
ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။
.
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်က တော့ဆန်ကျေးရွာအုပ်စု၊ ကလောဝိုင်းကျေးရွာတွင်
လက်နက် ကြီးကျည် ကျရောက်မှုကြောင့် ကိုယ်ဝန်ဆောင်တစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦးနှင့်
အမျိုးသား တစ်ဦးတို့ သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
.
RCSS
နှင့် SSPP၊ TNLA ပူးပေါင်းအဖွဲ့တို့အကြား
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၃ ရက်က စတင်ဖြစ်ပွား ခဲ့သည့် တိုက်ပွဲများအတွင်း နှစ်ဘက်
အကျအဆုံးများ ရှိနေပြီး ယနေ့ ဖေဖော်ဝါရီလ ၁၇ ရက်တွင် ပစ်ခတ်တိုက်ခိုက်မှု အနည်းငယ်သာ
ရှိကြောင်း သိရသည်။
.