ပြည်သူ​တွေကို သတ်ဖို့ မဟုတ်ဘူး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပြည်သူ​တွေကို သတ်ဖို့ မဟုတ်ဘူး

ပြီးခဲ့သည့် ရှမ်းအမျိုးသား​​နေ့ (ရှမ်းပြည်နယ်​နေ့) ဖြစ်သည့် ​ဖေ​ဖော်ဝါရီလ ၇ ရက်မှ စတင်၍ ​တောင်ကြီးမြို့ အပါအဝင် ရှမ်းပြည်နယ်ရှိ ​မြို့/ဒေသအသီးသီးတွင် စစ်အာဏာသိမ်းမှုအား ကန့်ကွက်ရှုတ်ချသည့် ဆန္ဒထုတ်​ဖော်မှုများ အဆက်မပြတ် ပြုလုပ်​နေကြသည်မှာ ယ​နေ့ဆိုလျှင် ၇ ရက်တိတိ ရှိပြီ ဖြစ်သည်။
.


အထက်ပါ ဆန္ဒထုတ်​ဖော်ပွဲများ၌ စစ်အာဏာရှင် ဆန့်ကျင်​ရေးနှင့် သက်ဆိုင်​သော ကြွေး​ကြော်သံများကို GenZ များ ဖြစ်သည့် ​ခေတ်လူငယ်များ ဦး​​ဆောင်​သော ဝန်ထမ်းများ၊ ပြည်သူများ ပါဝင်သည့် ဆန္ဒထုတ်​ဖော်သူများက သံပြိုင် ဟစ်​ကြွေးကြရာ ယင်းအနက် "ဗိုလ်ချုပ်​ပေးတဲ့ စစ်ပညာ၊ ပြည်သူ​တွေကို သတ်ဖို့ မဟုတ်ဘူး။"ဟူသည့် ​ကြွေး​ကြော်သံမှာ ထူးခြားလှ​ပေသည်။ ​တောင်းဆိုမှုလည်း မဟုတ်၊ ကန့်ကွက်မှုလည်း မဟုတ်၊ ​ထောက်ခံခြင်းလည်း မဟုတ်တန်​သော သတိ​ပေးခြင်းသာ ဖြစ်သည်။
.
ဗိုလ်ချုပ်​ ​အောင်ဆန်းသည် အမျိုးသား ​ခေါင်း​ဆောင် တစ်ဦး ဖြစ်သကဲ့သို့ မြန်မာ့တပ်မ​တော်၏ ဖခင် ဖြစ်သည်ကို အားလုံး အသိပင် ဖြစ်သည် (ဗိုလ်ချုပ်အ​​ကြောင်းကား ​ရေး၍ ကုန်သည် မရှိ)။ ယင်းသို့ ဗိုလ်ချုပ်နှင့် ပတ်သက်သည့် အသိအမှတ်ပြုမှုကို တပ်မ​တော်ကလည်း လက်ခံသည်ဟု ယုံကြည်မိသည်။ လက်ရှိ အာဏာသိမ်း နစအ​ ကောင်စီ ဥက္ကဌ ဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး မင်း​အောင်လှိုင် ကာကွယ်​ရေးဦးစီးချုပ် တာဝန်ကို စတင် ယူပြီး​နောက် မကြာမီ တပ်မ​တော် တပ်ရင်း/တပ်ဖွဲ့ အသီးသီး၌ ဗိုလ်ချုပ်ပုံကို ယ​နေ့တိုင် ချိတ်ဆွဲလာခြင်းက သက်​သေပင် ဖြစ်သည်။
.
ယ​နေ့ (​ဖေ​ဖော်ဝါရီလ ၁၃ ရက်)သည် အမျိုးသား​ခေါင်း​ဆောင်ကြီး ဗိုလ်ချုပ်​အောင်ဆန်း၏ ​မွေး​နေ့ ဖြစ်သည်။ ၁၉၁၅ ခုနှစ်တွင် ​မွေးဖွားခဲ့​သော ဗိုလ်ချုပ်သည် ၁၉၄၇ ခုနှစ် အသက် ၃၃ နှစ်အရွယ်တွင် လုပ်ကြံမှု​ကြောင့် ကျဆုံးခဲ့ရသည်။ ဗိုလ်ချုပ်မှာ လူ​သေခဲ့ရ​သော်လည်း နာမည် ကမူ မ​သေခဲ့​။ ကမ္ဘာတည်သ​ရွေ့ ​သေဖွယ်ရာလည်း မရှိ​တော့​ပေ။ တပ်မ​တော်ကို တည်​ထောင်ခဲ့သူ၊ လွတ်လပ်​ရေးကို ရယူ​ပေးခဲ့သူအဖြစ် ပြည်သူ အ​ပေါ်  တာဝန်​ကျေပွန်ခဲ့သူ သူလိုလူ မရှိ​တော့ဟု ဆိုချင်​ပေသည်။
.
ပြည်သူအ​ပေါ် တာဝန်​ကျေလွန်းလှသည့် ဗိုလ်ချုပ် တည်​ထောင်ခဲ့​သော တပ်မ​တော်၌ တာဝန်ထမ်း​ဆောင်ကြသည့် စစ်သည်(တပ်မ​တော်သား)များတွင် ကျင့်ဝတ်ဟူ၍ ရှိ၏။ စစ်သည်​တော်ကျင့်ဝတ် ၆၀ တွင် ပြည်သူအ​ပေါ် ပြုကျင့်ရမည့် ကျင့်ဝတ် ၁၀ ပါးတွင် ပြည်သူလူထုအပေါ် သစ္စာစောင့်သိ ရိုသေပါ၊ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ် ဥစ္စာကို ကာကွယ် စောင့်ရှောက်ပါ။ ပြည်သူလူထုနှင့် ယဉ်ကျေးစွာဆက်ဆံပါ၊ ရေလို/လလို ကျင့်ပါ။ ပြည်သူလူထု၏ အကျိုးစီးပွားကို အစဉ် ဦးထိပ်ထားပါ။ ပြည်သူလူထုအား လှောင်ပြောင်ခြင်း မထီမဲ့မြင် ပြုခြင်း စော်ကားမော်ကားပြုခြင်း ဆဲရေးတိုင်းထွာခြင်း ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းနှင့် ခြိမ်းခြောက်ခြင်းတို့ကို ရှောင်ကျဉ်ပါ။ ပြည်သူလူထုအပေါ် လက်နက်အားကိုးဖြင့် အနိုင်ကျင့်ခြင်းမှ ရှောင်ကျဉ်ပါ။ မိမိနှင့်မသက်ဆိုင်သော အမှုကိစ္စများတွင် ၀င်မစွက်မိဖို့ သတိပြုပါ၊ ပြည်သူလူထုကိုဦးစားပေးပါ မိမိမှ အခွင့်အရေး ပို မယူပါနှင့်၊ ပြည်သူလူထုအတွက် ဘာပဲလုပ်လုပ် ဘာပဲခိုင်းခိုင်း ပြည်သူလူထုက ကြည်ဖြူကျေနပ်ပါစေ၊ ပြည်သူလူထု၏ ဘာသာအယူဝါဒ ယဉ်ကျေးမှုဓလေ့ထုံးစံများကို လေးစားပါ ဟူ၍ ဖြစ်သည်။
.


ကျင့်ဝတ်များမှာ တစ်ချက်စီ ခွဲထား​သော်လည်း အားလုံးမှာ ပြည်သူကို ဗဟိုပြု၍ ​ရေလို၊ လလိုကျင့်ရန် လမ်းညွှန်မှုပင် ဖြစ်သည်။ မိမိနှင့် မသက်ဆိုင်တဲ့ အမှုကိစ္စ​တွေ ဝင်​ရောက် စွက်ဖက်ခြင်း မပြုဘဲ ပြည်သူလူထုအတွက် ဘာပဲ လုပ်လုပ် ဘာပဲခိုင်းခိုင်း ပြည်သူလူထုက ကြည်ဖြူ​ကျေနပ်ပါ​စေဟူ​သော အချက်မှာ ပြည်သူများအတွက်​ကျေနပ်ဖွယ်ရာ အတိပင် ဖြစ်သည်။
.
ထို့အတူ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များတွင်လည်း ရဲကျင့်ဝတ် ၇၀ ရှိပြီး ယင်းအနက် ပြည်သူအ​ပေါ် ပြုကျင့်ရမည့် ကျင့်ဝတ်များ အဖြစ် ပြည်သူလူထုက အပ်နှင်းထားသော လက်နက်နှင့် လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး ပြည်သူလူထုကို ကာကွယ်ကာ တရားဥပဒေနှင့်အညီ ဆောင်ရွက်မည်ဟူသော အချက် အပါအဝင် ကျင့်ဝတ် ၁၀ ပါး ရှိသည်။
.
လက်နက်နှင့် လုပ်ပိုင်ခွင့်ဆို​သော ဘယ်သူက စ ​ပေးမှန်း မသိ၊ ဘာ​ကြောင့်မှန်း မသိသည့် အမိန့်ကို နာခံပြီး ပြည်သူကို ဖိနှိပ်ခြင်း မပြုရန်နှင့် တရားဥပ​ဒေနှင့်အညီ ​ဆောင်ရွက်မည်ဟု ပါရှိခြင်းက ပြည်သူ့ရဲတို့အတွက် လုံ​လောက်သည့် အ​ကြောင်းပြချက်ဟု ဆိုနိုင်သည်။ ဤ​နေရာတွင် ဥပ​ဒေဟု မ​ဖော်ပြဘဲ တရားဥပ​ဒေဟု ​ဖော်ပြထားခြင်းက ဥပ​ဒေ လက်တစ်လုံးခြား မလုပ်ရန် လမ်းညွှန်ထားသည်ဟု ယူဆပါသည်။
.
တပ်မ​တော်နှင့် ရဲတပ်ဖွဲ့၏ ပြည်သူလူထုအ​ပေါ် ပြုကျင့်ရမည့် ကျင့်ဝတ်များသည် ပြီးပြည့်စုံလှသည်။ ​ကျင့်ဝတ်များအ​​ပေါ် ​လေးစားလိုက်နာမည် ဆိုပါက ပြည်သူ့အချစ်​တော်များ ဖြစ်လာနိုင်​ပေသည်။ ပြည်သူ အများစုသည် တပ်မ​တော်နှင့် ရဲတပ်ဖွဲ့အ​ပေါ် အမြင် ကြည်လင်မှု မရှိသည်မှာ အမှန်တရားဆိုသည်ထက် အရှိတရားပင် ဖြစ်သည်။ အမြင်ကြည်သည့်သူ အချို့ ရှိ​သော်လည်း ၎င်းတို့၏ မိသားစုဝင်များနှင့် နီးစပ်ဝင်ဆံ့မှုရှိသူများသာ ဖြစ်ပြီး သာမန် ပြည်သူများ မဟုတ်ကြ​ပေ။
.


"ဝန်ကြီးရာထူး ဆိုတာလည်း တိုင်းပြည်ရဲ့ အ​ကြောင်း​ကြောင်း​တွေ ​ထောက်ပြီး မျက်စိမှိတ် ယူလိုက်ရတာပဲ။ လူထုကြီးက ကျုပ်ကို ​ပေးထားတဲ့ လူထု​ခေါင်း​ဆောင်ဆိုတဲ့ ဂုဏ်ကို ဝန်ကြီးဆိုတဲ့ ဂုဏ်ထက် ကျုပ် ပိုမက်တယ်ဆိုတာ ခင်ဗျားတို့ မှတ်ထားလိုက်ပါ။ ကျုပ် စိတ်ထဲမှာ ဒီဝန်ကြီးဆိုတဲ့ ဂုဏ်ဟာ လူထု​ခေါင်း​ဆောင်ဆိုတဲ့ ဂုဏ်ရဲ့ ​​ခြေဖျားမှာ ကပ်​နေတဲ့ ​ခြေမှုံ့​လောက်ပဲလို့ ကျုပ် မှတ်ထားတယ်။"ဟု ဗိုလ်ချုပ်က ကွန်မြူနစ်များ ထုတ်ပစ်သည့် အ​နောက်မုခ်ရှင်းပွဲတွင် ​ပြောဆိုခဲ့သည်ဟု မှတ်သားရသည်။ ဆိုလိုရင်းမှာ ပြည်သူက ​ပေးသည့် လူထု​ခေါင်း​ဆောင်၏ ဂုဏ်ဟာ မြင့်မြတ်လွန်းလှသည်ကို ရာထူး မမက်သည့် ဗိုလ်ချုပ်က ဩဝါဒ​ပေးခြင်း ဖြစ်သည်။
.
ထို့အတူ တပ်မ​တော်နှင့် ပတ်သက်၍ ဗိုလ်ချုပ်က "စစ်တပ်ဟာ နိုင်ငံသူ၊ နိုင်ငံသားများကို ညှင်းဖို့ မဟုတ်။ လက်နက်အားကိုး တန်ခိုးပြဖို့ မဟုတ်၊ စစ်တပ်ဟာ နိုင်ငံရဲ့ အ​စေခံ ဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ်ရဲ့ အ​စေခံ မဖြစ်ရဘူး။"ဟု ​မိန့်ကြားမှုသည် မျိုးချစ်တပ်မ​တော်အတွက် အတိုဆုံးနဲ့ အပြည့်စုံဆုံး မိန့်ခွန်းပင် ဖြစ်သည်။
.
၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်တွင် ဗိုလ်ချုပ် ​ပြောဆိုခဲ့​သော တိုင်းပြုပြည်ပြုလွှတ်​တော် မိန့်ခွန်းတွင် " တိုင်းပြည်က မကြည်ညိုဘူးဆိုတာ ကျုပ်တို့ သိတဲ့ တစ်​နေ့မှာ ကျုပ်တို့လည်း တွယ်မ​နေပါဘူး၊ ထွက်မှာပါပဲ။ ရာဇဝင် စာ အတင်ခံရမယ့် လူစားမျိုး​တွေလား။ ရာဇဝင်မှာ အဆဲခံရမယ့် လူစားမျိုး​တွေလားဆိုတာ ခင်ဗျားတို့ ကိုယ်တိုင် သိလာပါလိမ့်မယ်။" ဟု ထည့်သွင်း ​ပြောဆိုခဲ့ခြင်းမှာ ပြည့်သူ့ဆန္ဒကို အ​လေးထားသည့် ဗိုလ်ချုပ်၏ ဆုံးဖြတ်ချက်ပင် ဖြစ်သည်။ တိုင်းပြည်အတွက် အသက်​ပေးရသည်ကိုပင် မ​ကြောက်​သော ဗိုလ်ချုပ်သည် ပြည်သူ အဆဲ ခံရမည်ကို​တော့ စိုးရိမ်သည်ဟု မြင်မိသည်။
.
ယ​နေ့ တပ်မ​တော်အ​ပေါ် ပြည်သူများ မည်သို့ သ​ဘောထားသည်ကို ​တွေးကြည့်သည်က ​ပြေးကြည့်တာထက် ပိုသိသည်ဟု ဆိုချင်​ပေသည်။
.


လက်ရှိ မြန်မာပြည် အနှံ့ ပြုလုပ်​နေကြသည့် ပြည်သူတို့၏ ဆန္ဒနှင့်အညီ ​ဆောင်ရွက်​နေမှုကို ဗိုလ်ချုပ် တည်​ထောင်ခဲ့​​သော တပ်မ​တော်သား စစ်သည်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ အ​နေဖြင့် ကာကွယ် ​စောင့်​ရှောက်​ပေးကြပါဟု ဆန္ဒပြုရင်း အမျိူးသား ​ခေါင်း​ဆောင်ကြီး ဖြစ်​သော တပ်မ​တော် ဖခင် ဗိုလ်ချုပ်၏ ဆန္ဒကို သတိချပ်ပြီး အသိကပ်​စေရန် တင်ပြလိုက်ရပါသည်။

Journal Download

Photo of three cats