ဆန္ဒပြသူများနှင့် ပြည်သူလူထုအား အကြမ်းဖက်ခြင်းမှ ရှောင်ကြဉ်ရန် လုံခြုံရေးတပ်ဖွဲ့များကို မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးများက တောင်းဆိုကြောင်း ယခု ဖေဖော်ဝါရီလ ၁၄ ရက်၊ ည ၁၁ နာရီတွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
.
တရားဝင်အစိုးရ ဖြုတ်ချခံရခြင်းအတွက် ငြိမ်းချမ်းစွာဆန္ဒ ထုတ်ဖော်နေကြသော ဆန္ဒပြသူများနှင့် အရပ်သားပြည်သူလူထုအား အကြမ်းဖက်ခြင်းမှ ရှောင်ကြဉ်ရန် လုံခြုံရေးတပ်ဖွဲ့များကို တောင်းဆိုသည်ဟု ကြေညာချက်တွင် ပါရှိသည်။
.
ထို့အတူ နိုင်ငံရေးခေါင်းဆောင်များ၊ အရပ်ဘက် လူမှုအဖွဲ့အစည်း လှုပ်ရှားတက်ကြွသူများ၊ သတင်းသမားများနှင့် နိုင်ငံ့ဝန်ထမ်းများအား ဖမ်းဆီးထိန်းသိမ်းထားခြင်းနှင့် ဆက်လက် ဖမ်းဆီးနေခြင်းကို ပြတ်ပြတ်သားသား အတိအလင်း ကန့်ကွက်ရှုတ်ချသည်ဟု ဖော်ပြပါရှိသည်။
.
ထို့အပြင် ဆက်သွယ်ရေးစနစ်ကို ကြားဖြတ်နှောင့်ယှက်ခြင်းအပြင် မြန်မာနိုင်ငံသားများ၏ အခြေခံ ရပိုင်ခွင့်များနှင့် ဥပဒေအရ အကာအကွယ်ပေးထားသည့် အခြေခံအခွင့်အရေးများကို ချုပ်ချယ် ကန့်သတ်ခြင်းအတွက်လည်း လူသိရှင်ကြား ကန့်ကွက်ရှုတ်ချကြောင်းနှင့် ဒီမိုကရေစီ၊ လွတ်လပ်မှု၊ ငြိမ်းချမ်းမှုနှင့် သာယာဝပြောမှုကို ရှာဖွေနေကြသော မြန်မာပြည်သူလူထုကို ထောက်ခံအားပေးနေပြီ တစ်ကမ္ဘာလုံးကလည်းစောင့်ကြည့်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများက ကြေညာထားသည်။
.
အဆိုပါ ကြေညာချက်ကို ကနေဒါ၊ မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂသံရုံးနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများ၏ သံရုံးများ ဖြစ်သော ဒိန်းမတ်၊ ချက်သမ္မတနိုင်ငံ၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်နှင့် ဆွီဒင်နိုင်ငံ - နော်ဝေ၊ ဆွစ်ဇာလန်၊ ယူကေနှင့် အမေရိကန်နိုင်ငံတို့မှ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးများက ပူးပေါင်း လက်မှတ်ရေးထိုး ထုတ်ပြန်ခြင်း ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment