ရပ်စောက်မြို့နယ်၊ ကျိုင်းခမ်းကျေးရွာအနီးတွင် အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရပ်စောက်မြို့နယ်၊ ကျိုင်းခမ်းကျေးရွာအနီးတွင် အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိ

စုလှိုင်

.

တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ ကျိုင်းခမ်းကျေးရွာအနီးတွင် ယနေ့ ဇန်နဝါရီလ ၁၉ ရက်က သေဆုံးနေသော အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း သိရသည်။

.

 

“အလောင်းတွေ့တာ မှန်ပါတယ်။ သူပျောက်နေတယ်ဆိုပြီး ရပ်စောက်ရဲစခန်းမှာ လူပျောက်မှု ဖွင့်ထားတယ်။ ဆွေမျိုး သားချင်းတွေ လိုက်ရှာကြရင်း တွေ့တာပါ” ဟု ရပ်စောက်မြို့နယ်၊ အင်တောနယ်မြေရဲစခန်းမှူး ရဲအုပ် မင်းအောင်ထွန်း က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

သေဆုံးသူသည် ရပ်စောက်မြို့နယ်၊ ပင်ဖြစ်ကျေးရွာနေ ဦးလှတိုး (၄၀ နှစ်) ဆိုသူဖြစ်ပြီး ၎င်းသည် သစ်တင်ကားဖြင့် ကျိုင်းခမ်း ဒေသသို့ လိုက်သွားရာမှ ဇန်နဝါရီလ ၁၀ ရက်တွင် ငှက်ပစ်သွားစဉ် အဖွဲ့များနှင့်ကွဲကာ ကျိုင်းခမ်းတော အတွင်း တစ်ဦးတည်း ကျန်ရစ်ခဲ့ခြင်းဖြစ်ပြီး ယနေ့ ဇန်နဝါရီလ ၁၉ ရက်တွင် ကျိုင်းခမ်းကျေးရွာမှ ၆ မိုင်ခန့်အကွာ တောအတွင်း သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

.

ယင်း သေဆုံးသူ ဦးလှတိုးသည် အရက်သေစာ အနည်းငယ် သောက်စားတတ်သူ ဖြစ်သဖြင့် တောအတွင်း မျက်စေ့လည် လမ်းမှာကာ အအေးမိ သေဆုံးခြင်းဖြစ်နိုင်ကြောင်းနှင့် ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရှိရကြောင်း ၎င်းထံက သိရသည်။

.

“သစ်တင်ဖို့ ဆိုပြီး ကားဒရိုင်ဘာက ခေါ်သွားပြီးတော့ ပြန်လာတော့ မပါလာဘူး။ ၈ ရက်နေ့ နောက်ပိုင်းကတည်းက သတင်းမေးရင်းနဲ့ ပြန်မလာလို့ လိုက်ရှာတာ ဒီနေ့မှ သေဆုံးလျက် တွေ့တာပါ” ဟု သေဆုံးသူနှင့် ဆွေမျိုးတော်စပ်သူ တစ်ဦးကလည်း ပြောဆိုခဲ့သည်။

.

အဆိုပါ ဦးလှတိုး သေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် သိရှိနိုင်ရန် အင်တောနယ်မြေ ရဲစခန်းတွင် သေမှုသေခင်း ဖွင့်လှစ်စစ်ဆေးသွားမည်ဖြစ်ပြီး လက်ရှိတွင် ရုပ်အလောင်းအား တောတွင်းမှ သယ်ယူ နေဆဲဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats