ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၌ ငွေကျပ်သိန်း ၃၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ဇန်နဝါရီလ ၂ ရက်၊ ညပိုင်းတွင် ဖမ်းမိခဲ့ကြောင်း သိရသည်။
.
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ရွာငံမြို့နယ်၊ အောင်ပန်း-ရွာငံ သွားကားလမ်းတွင် အောင်ပန်းဘက်မှ ရွာငံဘက်သို့ ပင်းတယမြို့၊ ဆင်ခေါင်းရပ်ကွက်နေ မြအောင်မောင်းနှင်ပြီး ပင်းတယမြို့၊ ငှက်ပျောတောရပ်ကွက်နေ အောင်မြင့်မြတ် စီးနင်း လိုက်ပါလာသည့် မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ မြအောင် လွယ်ထားသော လွယ်အိတ်အတွင်းမှ ပလတ်စတစ်ကပ်ခွာ အိတ်များဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀ ပြား (ဒေသကာလ ပေါက်စျေး တန်ဖိုးငွေကျပ် ၃၀ သိန်း)အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားနှင့်အတူ ဖမ်းဆီးရမိသူများကို ရွာငံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။