အောင်ကျော်မိုး (တာလေ)
.
တာချီလိတ်ခရိုင်၊ တာလေမြို့၊ မိုင်းလင်း (အရှေ့)
ကျေးရွာအုပ်စု၊ တာလေ-ကျိုင်းလပ်သွား ကားလမ်းဘေးရှိ ဝိန်းလန်း-လန့်တောင်းကျေးရွာများတွင်
စိုက်ပျိုးထားသည့် ဆောင်းသီးနှံ ဖရဲသီးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းမှု အားနည်းနေ
ပြီး ယခု ဇန်နဝါရီလကုန်ပိုင်းတွင် ဖရဲသီးများ စတင်ထွက်ရှိတော့မည်ဖြစ်ရာ ဈေးကောင်းရရန်
တောင်သူများ မျှော်လင့် လျက်ရှိကြောင်း သိရသည်။
.
.“အရင်နှစ်က ရာသီဥတုကောင်းပြီး မိုးလည်းကောင်းတော့
အပင်တွေ အတော်အောင်မြင်တယ်။ အသီးလည်း ဖြစ်ထွန်း တယ်။ ဈေးကောင်းလည်းရလို့ ဖရဲစိုက်တောင်သူတွေ
အဆင်ပြေကြတယ်။ ဒီနှစ်က ရာသီဥတု မကောင်းဘူး။ မိုး မကောင်းသလို ပိုးမွှားကျရောက်တာလည်း
ရှိခဲ့လို့ အပင်ဖြစ်ထွန်းမှု အားနည်းတယ်။ အခု ဇန်နဝါရီလကုန်ပိုင်း အသီး ထွက်ချိန်မှာ
ဈေးကောင်းရဖို့ မျှော်လင့်ပါတယ်” ဟု လန့်တောင်းကျေးရွာနေ ဖရဲသီးစိုက်တောင်သူ စိုင်းမောင်က
ပြောသည်။
.
ဖရဲသီးများကို မိုးစပါးရိတ်သိမ်းပြီးချိန် လယ်ကွက်အတွင်း
ဘောင်စနစ်ဖြင့် ရေလောင်းစိုက်ပျိုးကြခြင်းဖြစ်ပြီး စိုက်ပျိုး ချိန်မှ အသီးပေါ်ချိန်အထိ
ရက်ပေါင်း ၁၀၀ ခန့် အချိန်ယူရကာ ယမန်နှစ် ဖရဲစိုက်ရာသီက စိုက်ပျိုးစရိတ်အရင်းအနှီး
တစ်ဧက ထိုင်းဘတ်ငွေ ၈၀၀၀ ခန့်ရှိပြီး အမြတ်ငွေ ဘတ် ၃၀၀၀၀ အထိ ရရှိကြောင်း သိရသည်။
.
တာလေမြို့မှ ထွက်ရှိသည့် ဖရဲသီးများကို ယခင်နှစ်များက
တာချီလိတ်၊ မိုင်းဖြတ်မြို့များသို့ တင်ပို့ရောင်းချခဲ့ရပြီး ယခုနှစ်တွင် ဖရဲသီး အောင်မြင်ဖြစ်ထွန်းမှု
အားနည်းသဖြင့် ဒေသတွင်း စားသုံးမှုများကိုသာ အဓိကထား ရောင်းချပေး သွားမည်ဖြစ်ကြောင်း
သိရသည်။
.
တာလေမြို့တွင် ဆောင်းသီးနှံအဖြစ် ဖရဲသီးအပြင်
ပဲတီစိမ်း၊ ပဲပုပ်၊ ကုလားပဲ၊ မြေပဲ၊ ပြောင်းစသည့် သီးနှံမျိုးစုံနှင့်
နွေစပါးတို့ကို စိုက်ပျိုးကြပြီး ယခုနှစ်တွင် ဖရဲသီးစိုက်ဧကမှာ ၁၀
ဧကခန့်သာရှိကြောင်း ဖရဲစိုက် တောင်သူများထံက သိရသည်။
.
No comments:
Post a Comment