ကျပ်သန်း​ပေါင်း ၁၈၇၀ ​ကျော် အကုန်ကျခံ ​ဆောင်ရွက်သည့် တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်း အဆင့်မြှင့်တင်မှု ပြောင်းလဲတိုးတက်မှု မရှိကြောင်း ဒေသခံအချို့ ဝေဖန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျပ်သန်း​ပေါင်း ၁၈၇၀ ​ကျော် အကုန်ကျခံ ​ဆောင်ရွက်သည့် တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်း အဆင့်မြှင့်တင်မှု ပြောင်းလဲတိုးတက်မှု မရှိကြောင်း ဒေသခံအချို့ ဝေဖန်

ကမ္ဘောဇတိုင်း

.

၂၀၁၉-၂၀၂၀ ဘဏ္ဍာ​ရေးနှစ် ရှမ်းပြည်နယ်အစိုးရ ​ထောက်ပံ့​ငွေ ကျပ်သန်း ၁၈၇၆ ဒသမ ၅၇ ဖြင့် အကုန်ကျခံ ​ဆောင်ရွက်သည့် တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်း အပိုင်း (၂) အဆင့်မြှင့်တင်မှုမှာ ပြောင်းလဲတိုးတက်မှု မရှိဟုဆိုကာ ဒေသခံအချို့က ဝေဖန်ပြောဆိုလျက် ရှိသည်။

.

.

လမ်းက အဆင့်မြှင့်တင်တယ်လို့သာ ပြောတာ တချို့နေရာတွေ နည်းနည်းကျယ်သွားတာက လွဲပြီး သိပ်ထူးထူး ခြားခြား ပြောင်းလဲသွားတာ မရှိဘူး။ မြင်ရတဲ့ အနေအထားက လမ်းအရည်အသွေးလည်း အဆင့်နိမ့်ပါတယ်။ အပိုင်း (၁) ကိုတောင် မမီပါဘူး” ဟု တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောသည်။

.

ထို့အတူ တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်နေ ဒေသခံတစ်ဦးကလည်း “လမ်းက ဖြစ်သလို လုပ်သွားတယ်။ နောက်ပြီး လမ်းဘေးဝဲယာကို ရှင်းတဲ့အခါမှာလည်း နားလည်မှု အပိုင်းတွေနဲ့ လုပ်သွားတယ်။ နဂါးပွက်လမ်းဆုံနဲ့ စိန်ပန်းရပ်ကွက်ရုံး ကြားမှာဆိုရင် တော်တော်လေး အရုပ်ဆိုး အကျည်းတန်တဲ့ အပိုင်းတွေ ပါတယ်။ သတ်မှတ်တဲ့ လမ်းအတိုင်းအတာ အကျယ်အဝန်းကို မရတဲ့အပိုင်းတွေ ရှိတယ်။ အရည်အသွေးကလည်း တော်တော်လေးကို အရုပ်ဆိုးတယ်။ ကြန့်ကြာမှုလည်း တော်တော် ဖြစ်သွားတယ်။ ပြည်နယ်အစိုးရရဲ့ အကြီးအကဲတွေမှာလည်း အားနည်းမှု ရှိတယ်။ အားအနည်းဆုံးကို ပြောရရင် စည်ပင်ဝန်ကြီးပေါ့။ ကြပ်ကြပ်မတ်မတ် Guide Line ပေးပြီး လုပ်တာတွေက အားနည်းနေတာပေါ့”ဟု ၎င်း၏ အမြင်ကို ပြောဆိုခဲ့သည်။

.

အ​နောက်မြို့ပတ်လမ်း အပိုင်း(၂) လမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို ​၂၀၂၀ ပြည့်နှစ်၊ ဖေ​ဖော်ဝါရီလ ၃ ရက်တွင် စာချုပ် ချုပ်ဆိုပြီး​နောက် တင်ဒါ ​အောင်မြင်​သော တင်မြင့်ရီကုမ္ပဏီက ​ဆောင်ရွက်​နေခြင်း ဖြစ်ကာ COVID-19 ​ကြောင့် လုပ်ငန်း ပြီးစီးရမည့် သြဂုတ်လ ၃၀ ရက်တွင် ပြီးစီးခြင်း မရှိ၍ ဒီဇင်ဘာလ ၂၃ ရက်ထိ ထပ်မံ သက်တမ်း တိုးမြှင့်ခဲ့​သော်လည်း ယခုအချိန်ထိ ပြီးစီးခြင်း မရှိ​သေး​ကြောင်း သိရသည်။

.

ယင်းကဲ့သို့ လုပ်ငန်းများ အချိန်မီ ပြီးစီးခြင်း မရှိသည့် အ​​ခြေအ​နေနှင့် ပတ်သက်၍ ရှမ်းပြည်နယ်စည်ပင်သာယာ​ရေးဌာနသို့ ​တွေ့ဆုံ ​မေးမြန်းရာတွင် COVID-19 ​ကြောင့် လုပ်သားများ အချိန်ပြည့် အလုပ် မဆင်းရခြင်း၊ လမ်းနယ် တိုးချဲ့ရာတွင် ဂရမ်​မြေထက် ​ကျော်လွန်​နေ​သော အ​ဆောက်အဦ/အစိတ်အပိုင်းများကို ညှိနှိုင်း၍ ဖယ်ရှားရှင်းလင်း ရခြင်း၊ ​မြေထိန်းနံရံများ ​ဆောင်ရွက်​ရခြင်း၊ လျှပ်စစ်မီးတိုင်များ၊ ဆက်သွယ်​ရေးတိုင်များ ​ရွှေ့​ပြောင်းရာတွင် သက်ဆိုင်ရာ ဌာန/ကုမ္ပဏီများနှင့် ညှိနှိုင်းကာ အချိန်ပိုင်း မီးဖြတ်၍သာ ​​ဆောင်ရွက်ရခြင်း၊ လမ်းအား တစ်ခြမ်းခြင်း စီသာ ခင်းရခြင်းနှင့် ​ရွေး​ကောက်ပွဲကာလ မီးလိုင်း၊ ဖုန်းလိုင်း ပြတ်​တောက်မှု မရှိ​အောင် ချင့်ချိန် ​​ဆောင်ရွက်ရခြင်း​တို့ကြောင့် အချိန်မီ မပြီးစီးရခြင်း ဖြစ်​သော်လည်း မကြာမီ ရက်ပိုင်းအတွင်း လုပ်ငန်း ပြီးစီး​တော့မည် ဖြစ်​ကြောင်း ​ဖြေကြားခဲ့သည်။

.

ယင်း အ​နောက်မြို့ပတ်လမ်း အပိုင်း(၂) လမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်း အဖြစ် နဂါးပွက်လမ်းဆုံမှ ဝါးပြားလမ်းဆုံ အထိ လမ်းအရှည် ၇၁၆၅' × ၄၀' ​ကတ္တရာခင်းခြင်း၊ လမ်းဖြတ်တံတား ၇ ခု၊ လမ်းသွယ်တံတား ၂၆ ခု တည်​ဆောက်ခြင်း၊ ၁၂၆၂၂' × ' ​ရှိ ​ရေ​မြောင်း/​ရေ​မြောင်းဖုံး ​ဆောင်ရွက်ခြင်း၊ ဆက်သွယ်​ရေးတိုင် ၂၅၀ တိုင်၊ လျှပ်စစ်မီးတိုင် ၁၅၀ တိုင် ​နုတ်ခြင်း၊ Pole Sharing ပြုလုပ်ထားသည့် တိုင်အသစ် ၇၂ လုံး စိုက်ခြင်းတို့ ပါဝင်သည့် အပြင် ကွမ်ရင်ဗုဒ္ဓဘုရား​​ကျောင်း အပါအဝင် အိမ်/ရုံး အ​ဆောက်အဦ ၂၂ ခု၏ ​မြေနှင့် အ​ဆောက်အဦ အစိတ်အပိုင်းတို့ကို ရှင်းလင်းခြင်းတို့လည်း ​ဆောင်ရွက်ရ​ကြောင်း ရှမ်းပြည်နယ် စည်ပင်သာယာ​ရေးဌာနထံမှ သိရသည်။

.

ကျွန်တော် တောင်ကြီးသား တစ်ယောက် အနေနဲ့ ကိုယ့်မြို့ ကိုယ့်ရွာအတွက် ဖွံ့ဖြိုးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လမ်းကို အကောင်းဆုံး ဖြစ်အောင် လုပ်နေပါတယ်။ အချိန်မီ မပြီးတာကလည်း အခက်အခဲတွေက COVID-19 ကာလ ဖြစ်တာကြောင့်ရယ်၊ ဖြည့်စွက် လုပ်ငန်းတွေ လုပ်နေရတာတွေကြောင့် ဖြစ်ပါတယ်။ ဘုံကျောင်းနားက မပြီးသေးတာကို ချန်ထားပြီး လာမယ့် အပတ်ထဲမှာ လမ်းကို အပ်သွားပါမယ်၊ နောက်မှ ဆက်လုပ်မှာပေါ့။ အခုက အပ်ဖို့အတွက် စီစဥ်နေပါပြီ။ မြို့ပြ ဖွံ့ဖြိုး​အောင် အ​ကောင်းဆုံး ကြိုးစား ​ဆောင်ရွက်ထားပါတယ်။” ဟု တင်ဒါ​အောင်မြင်သည့် တင်မြင့်ရီကုမ္ပဏီမှ ဒါရိုက်တာ ဦး​အောင်မြင့်ဦးက လုပ်ငန်းခွင်အား လိုက်လံပြသ၍ ရှင်းလင်း ပြောဆိုသည်။

.

အဆိုပါ တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို ဘဏ္ဍာရေးနှစ်အလိုက် အပိုင်း ၃ ပိုင်း ခွဲ၍ ဆောင်ရွက်နေခြင်း ဖြစ်ပြီး လက်ရှိ အပိုင်း (၂) ဖြစ်သည့် နဂါးပွက်လမ်းဆုံမှ ဝါးပြားလမ်းဆုံအထိ လမ်းအဆင့်မြှင့်တင်မှုမှာ အချိန်မီ ပြီးစီးခြင်း မရှိသည့် အပြင် ကျပ်သန်း​ပေါင်း များစွာ အကုန်ကျခံ ​​ဆောင်ရွက်ခြင်း ဖြစ်​သော်လည်း ထူးခြားစွာ တိုးတက်​ပြောင်းလဲမှု မရှိဟုဆိုကာ ​ဒေသခံအချို့၏ ​ဝေဖန်မှုကို ခံ​နေရခြင်း ဖြစ်သည်။

.

​တောင်ကြီးမြို့တွင် ဗိုလ်ချုပ်​အောင်ဆန်းလမ်း (မိန်းလမ်း)၊ အ​ရှေ့မြို့ပတ်လမ်းနှင့် အ​နောက်မြို့ပတ်လမ်း ဟူ၍ အဓိက လမ်းမကြီး ၃ ခု တည်ရှိပြီး ယင်းအနက် အ​နောက်မြို့ပတ်လမ်းသည် မြို့တွင်းရှိ အိမ်စီးယာဥ်များ၊ လိုင်းကားများ၊ ဆိုင်ကယ်များအပြင် ၂၂ ဘီးတွဲယာဥ် အပါအဝင် ကုန်တင်ယာဉ်ကြီးများ ဖြတ်သန်းသွားလာရာ လမ်းဖြစ်သည့်အတွက် ယာဥ်​ကြောကြပ်တည်း/ရပ်တန့်မှု မကြာခဏ ဖြစ်​ပေါ်​နေရသည့် အပြင် ဖုန်းကြိုးနှင့် ယာဥ် ချိတ်ပါငြိတွယ်ရ​သော ဖြစ်စဉ်များ အမြဲ ဖြစ်​ပေါ်​​လေ့ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats