စိုင်းအောင်ဇော်လင်း
.
တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဒေသခံများ မိသားစုဝင်ငွေ ရရှိစေရန်အတွက် ဝဥနှင့် ကော်ဖီပင်များ တိုးချဲ့စိုက်ပျိုးရေး အသိပညာပေးမှုများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဆောင်ရွက်နေကြောင်း သိရသည်။
.
တောင်သူများအနေဖြင့် မိသားစု အပိုဝင်ငွေ ရရှိစေရန်အတွက် ဝဥနှင့် ကော်ဖီပင်များ တိုးချဲ့ စိုက်ပျိုးရေး၊ အထွက်နှုန်းကောင်းသော မျိုးပင်များ ရွေးချယ်စိုက်ပျိုးရေး၊ ရေမြေ ရာသီဥတုနှင့် လိုက်လျောညီထွေ စိုက်ပျိုးနည်းစနစ်များ၊ သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်များဖြင့် စိုက်ပျိုးရေး၊ မြေဆီလွှာနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနည်းများ စသည်တို့ကို ဆွေးနွေး ပြောကြားခဲ့ခြင်း ဖြစ်သည်။
.
“မြေဆီလွှာကို စမ်းသပ်စစ်ဆေးခြင်းဟာ မြေသြဇာ ထည့်သွင်း အသုံးပြုမှုကို ပိုမို ကောင်းမွန်စေပါတယ်။ မြေဆီလွှာ အာဟာရ ရေရှည်ကြွယ်ဝစေရန် ကူညီတည်ဆောက်ပေးကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ရေရှည် တည်တံ့ရေးအတွက်လည်း အထောက်အပံ့ ဖြစ်စေပါတယ်။ အာဟာရဓာတ်ကြွယ်ဝစွာ ရရှိတဲ့ သီးနှံများဟာ ပိုမို ကြီးထွား ဖြစ်ထွန်းစေတဲ့အပြင် ထွန်ယက်ခြင်း၊ ဆေးဖြန်းခြင်းများကိုပါ ရှင်းလင်းလွယ်ကူစေပါတယ်။ မြေဆီလွှာ အာဟာရများ ရေရှည်တည်တံ့ရန် စီမံခန့်ခွဲခြင်းဖြင့် တောင်သူများအတွက် အကျိုးကျေးဇူး များစွာ ဖြစ်ထွန်း စေပါတယ်”ဟု စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးက ပြောသည်။
.
သီးနှံအထွက်နှုန်း ကောင်းမွန်ရန်အတွက် အသုံးပြုသင့်သော မြေသြဇာ နှုန်းထားအား သိရှိနိုင်ရန်နှင့် သီးနှံများအတွက် လိုအပ်သည့် မြေသြဇာပမာဏကို ထည့်သွင်းနိုင်ရန် စိုက်ကွင်းအတွင်း မြေဆီလွှာ စမ်းသပ်ကိရိယာ(SOIL pH TESTER)ဖြင့် တိုင်းတာပေးပြီး တောင်သူများအား သီးနှံ ထုတ်လုပ်မှုအတွက် ပိုမိုကောင်းမွန်သော မြေသြဇာများ စနစ်တကျ ရွေးချယ်အသုံးပြုနိုင်ရန် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ကူညီပေးခဲ့လည်း သိရသည်။