နမ့်စန်မြို့နယ်ရှိ ကျေးရွာ ၁၇ ရွာကို VDP ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၇၀၀ ဖြင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

နမ့်စန်မြို့နယ်ရှိ ကျေးရွာ ၁၇ ရွာကို VDP ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၇၀၀ ဖြင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်မည်

ငြိမ်းသူ

.

လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၇ ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း VDP ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၇၀၀ ဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နမ့်စန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

.


 အဆိုပါ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မည့် ကျေးရွာ ၁၇ ရွာမှာ အမှတ် (၂)ပလန၊ အမှတ်(၃)ပလန၊ ပန်နမ့်တိုင်း၊ နမ့်ဆွတ်၊ ခုတ်လောင်း၊ နားထုံလုံ၊ ဝမ်ပုံ၊ ဆမ်ခါ၊ ဝမ်နမ့်ဝမ်၊ နောင်ငင်း၊ နားယဲ၊ နောင်ခါး၊ ဝမ်မိုင်၊ ညောင်ပင်သာ၊ ဟူးကု၊ ဝမ်ခိုင်၊ ဝမ်လုံ ကျေးရွာတို့ ဖြစ်ကြောင်း သိရသည်။

.

ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာသူ ကျေးရွာသားများ ကိုယ်တိုင် ကျေးရွာ၏ ပကတိ လိုအပ်ချက်များ ပါဝင်သော ကျေးရွာဖွံ့ဖြိုးရေး စီမံချက်များကို ရေးဆွဲပြီး ယင်း စီမံချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်မည့် ကျေးရွာများကို လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ရွေးချယ်ခဲ့ခြင်း ဖြစ်ပြီး လက်ရှိတွင် ကျေးရွာများသို့ ကွင်းဆင်းကာ စီမံကိန်း မိတ်ဆက် ရှင်းလင်းခြင်း၊ ကော်မတီဖွဲ့စည်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း နမ့်စန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးဝင်းထံမှ သိရသည်။

.

VDP စီမံကိန်း ထောက်ပံ့ ရန်ပုံငွေအပြင် ကျေးရွာနေ ပြည်သူများ၏ ထည့်ဝင်ငွေဖြင့် ကျေးရွာတွင်းလမ်း၊ တံတား၊ မီးလင်းရေး၊ သောက်သုံးရေ ရရှိရေးနှင့် အခြားဖွံ့ဖြိုးရေး လုပ်ငန်းများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက နည်းပညာ ပံ့ပိုးကာ ကျေးရွာသူကျေးရွာသားများ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats