UWSA ထိန်းချုပ်ဒေသမှ ပြည်တွင်းသို့ သွားရောက်လိုသူများ ကြိုတင်ဆက်သွယ်သတင်းပေးပို့နိုင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

UWSA ထိန်းချုပ်ဒေသမှ ပြည်တွင်းသို့ သွားရောက်လိုသူများ ကြိုတင်ဆက်သွယ်သတင်းပေးပို့နိုင်

မင်းဇော်မင်း

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ UWSA ထိန်းချုပ်ရာ “ဝ” အထူးဒေသ (၂) မှ ပြည်တွင်းသို့ သွားရောက်လိုသူများ အနေဖြင့် UWSA ပြင်ပဆက်ဆံရေးရုံးများသို့ ကြိုတင်ဆက်သွယ် သတင်းပေးပို့နိုင်ပြီဖြစ်ကြောင်း သိရသည်။

.

အထူးဒေသ (၂) “ဝ” နယ်မြေအတွင်း ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလအတွင်းက COVID-19 ရောဂါ ဖြစ်ပွားသူများ တွေ့ရှိခဲ့သည့်အတွက် ဇန်နဝါရီလ ၃၁ ရက်အထိ Lockdown ချထားခဲ့ရာမှ ဖေဖော်ဝါရီလဆန်းတွင် ပြန်လည်ဖြေလျှော့ပေးမည့် အစီအစဉ်ဖြစ်ကြောင်း လားရှိုးမြို့အခြေစိုက် “ဝ” ပြင်ပဆက်ဆံရေးရုံးမှ ဦးညီရမ်း ထံက သိရသည်။

.

.

“တရုတ်နှစ်သစ်ကူး ရောက်တော့မယ်။ ခရီးသွားတွေ ရှိလာမယ်။ အလုပ်ရပ်နားထားတာတွေလည်း ပြန်ဖွင့်ရင် အလုပ် သမားတွေ အသွားအလာရှိလာမယ်။ ရောဂါ ဖြစ်တာလည်း လျော့လာတယ်။ သေဆုံးမှုကတော့ လုံးဝမရှိဘူး။ အဲဒါ ကြောင့် ဖြေလျှော့မယ့်အစီအစဉ် စတင်လုပ်ဆောင်တာပါ” ဟု ဦးညီရမ်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ဆက်သွယ်သတင်းပို့ရမည့် နေရာများမှာ အထူးဒေသ (၂) ပန်ဆန်းတွင် ဖွင့်လှစ်ထားသည့် “ဝ” ပြင်ပဆက်ဆံရေးရုံးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားရေးရာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (နတလ)ရုံးများတွင် ယနေ့ ဇန်နဝါရီ ၂၉ ရက် မှစတင်၍ ဆက်သွယ်သတင်းပေးပို့နိုင်ပြီဖြစ်ကြောင်း သိရသည်။

.

ယခု ဖြေလျှော့မှုသည် “ဝ” အထူးဒေသ (၂) မြောက်ပိုင်းအတွက်သာဖြစ်ပြီး “ဝ” တောင်ပိုင်း (၁၇၁) စစ်ဒေသ နယ်မြေဖြစ်သည့် မိုင်းတုံမြို့နယ်၊ ဟွေအောဒေသအနေဖြင့် ဒေသအစီအစဉ်အရသာ လုပ်ဆောင်သွားရန်ရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။

.

“ဝ” အထူးဒေသ (၂)တွင် ဇန်နဝါရီလ ၂၈ ရက်၊ နေ့လယ်ပိုင်းအထိ ကျန်းမာရေး စစ်ဆေးပြီးသူ ၃၁၀၄၅၇ ဦးအနက် COVID-19 ရောဂါ ပိုးတွေ့လူနာ ၃၀၄ ဦးနှင့် ရောဂါသက်သာ၍ ဆေးရုံဆင်းခွင့်ရသူ ၁၉၂ ဦး ရှိကာ ပိုးတွေ့လူနာ အသစ် မရှိကြောင်း သိရသည်။

.

အဆိုပါ “ဝ” အထူးဒေသ (၂) နယ်မြေအတွင်း COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် တရုတ်နိုင်ငံ၊ မုန်းလင်မြို့ ကြက်ခြေနီအသင်းမှ ကျွမ်းကျင်ပညာရှင်များနှင့် “ဝ” ကျန်းမာရေးဌာန၊ ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့ တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

#KBZTai #Shan #News #MinZawMin

.

Journal Download

Photo of three cats