တအာင်း (ပလောင်) ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား လျာထားပြီးဖြစ်ကြောင်း TNP ပါတီ ပြော - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တအာင်း (ပလောင်) ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား လျာထားပြီးဖြစ်ကြောင်း TNP ပါတီ ပြော

ကိုစိုး (ကမ္ဘောဇတိုင်း)

.

တအာင်း (ပလောင်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဖွဲ့စည်းရန်အတွက် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို လျာထားပြီး ဖြစ်ကြောင်း တအာင်း (ပလောင်) အမျိုးသားပါတီဗဟို အထွေထွေအတွင်းရေးမှူး မိုင်းအုဏ်းခိုင်က ပြောဆိုခဲ့သည်။

.

.

“လျာထားတာတော့ ရှိပါတယ်။ အခုတော့ ပြောလို့မရသေးပါဘူး။ ဖွဲ့စည်းပြီးမှ သမ္မတက စိစစ်ရွေးချယ်တာတွေ ရှိဦးမှာပါ။ အဖွဲ့ဝင်တွေလည်း အားလုံး လျာထားတာရှိပါတယ်” ဟု မိုင်းအုဏ်းခိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

တအာင်း (ပလောင်) အမျိုးသားပါတီသည် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တအာင်း (ပလောင်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ မြို့နယ် ၂ ခုမှ လွှတ်တော်ကိုယ်စားလှယ်နေရာများ အပါအဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂ နေရာ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃ နေရာ၊ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၇ နေရာ အနိုင်ရရှိထားသည်။

.

“အဓိက ကတော့ ဒေသဦးစီး ဖွဲ့ပြီးရင် တအာင်း (ပလောင်) ဒေသမှာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ အများဆုံး လုပ်ရ မယ်။ နယ်မြေအေးချမ်းတည်ငြိမ်ရေးတွေ ကြိုးစားပြီး လုပ်သွားမယ်။ စီးပွားရေး၊ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေး တွေကို အလေးထားပြီး ဖော်ဆောင်သွားမယ်လို့ ရည်ရွယ်ထားပါတယ်” ဟု မိုင်းအုဏ်းခိုင်က ဆက်လက်ပြောဆိုခဲ့ သည်။

.

၂၀၀၈ ခုနှစ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း (၅)၊ ပုဒ်မ ၂၇၆ (ဃ) တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ကို ယင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ မြို့နယ်များမှ ရွေးကောက်ခံ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းထားသော တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များ၊ ယင်းကိုယ်စားလှယ်များက ရွေးချယ်ဖြည့်စွက်ခန့်ထားသည့် ကိုယ် စားလှယ်များဖြင့် ဖွဲ့စည်းရမည်ဖြစ်ပြီး ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များအနက် သင့်လျော်သူ တစ်ဦးအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌအဖြစ် ရွေးချယ်ရမည်ဖြစ်ကြောင်း ပြဌာန်းဖော်ပြထားသည်။

.

ထို့အပြင် အဆိုပါ ရွေးချယ်ထားသည့် ဒေသဦးစီး ဥက္ကဋ္ဌ၏ အမည်စာရင်းကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်မှတစ်ဆင့် နိုင်ငံတော်သမ္မတထံ တင်ပြပြီး နိုင်ငံတော်သမ္မတက အမည်စာရင်း တင်သွင်းလာသည့် ပုဂ္ဂိုလ် အား သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ ဥက္ကဋ္ဌအဖြစ် ခန့်အပ်တာဝန်ပေးရမည်ဖြစ်ကြောင်း ယင်းပုဒ်မတွင် ပြဌာန်းထားသည်။

.

Journal Download

Photo of three cats