စုလှိုင်
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် မီးသင်္ဂြိုဟ်စက်
အသစ်တစ်ခု တည်ဆောက်နိုင်ရေးအတွက် မြေနေရာ ရှာဖွေ လျက်ရှိကြောင်း သိရသည်။
.
.“မြေနေရာ ရှာခိုင်းထားတယ်။ တောင်ကြီးရဲ့ လူဦးရေနဲ့
အဲဒီသုသာန်တစ်ခုထဲ အဆင်မပြေဘူး။ အစိုးရသစ် လက်ထက် ၆ လအတွင်းတော့ ပြီးနိုင်မယ်လို့ မှန်းထားပါတယ်”
ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး
ဦးစိုးညွန့်လွင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
မြို့တော်တောင်ကြီးသည် တစ်နှစ်ထက် တစ်နှစ် ကြီးမားကျယ်ပြန့်လာပြီး
လူဦးရေ ထူထပ်သိပ်သည်းလာသည့် အတွက် သွားလာရေး လွယ်ကူသည့် နေရာတွင် မီးသင်္ဂြိုဟ်စက်
အသစ်တစ်ခု မဖြစ်မနေ တည်ဆောက်သွားရမည် ဖြစ်ပြီး မြေနေရာ ရရှိပါက ဒေသခံများ၏ အကြံဉာဏ်ရယူ၍
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးက ဆက်လက်ပြောဆိုခဲ့သည်။
.
“မီးသင်္ဂြိုဟ်စက်က လိုအပ်နေတာ ကြာပါပြီ။ ဌာနအနေနဲ့ကလည်း
ဘတ်ဂျက်လိုငွေ ပြနေတော့ အဲဒီဘက်ကို မလှည့် နိုင်သေးဘူး။ အစိုးရအနေနဲ့ ထောက်ပံ့မယ်ဆိုရင်
ပိုကောင်းတာပေါ့။ မြို့အတွက် အဆင်ပြေပါတယ်။ လက်ရှိ မီးသင်္ဂြိုဟ်စက် အနီးမှာ လုပ်မယ်ဆိုရင်လည်း
ရပါတယ်” ဟု တောင်ကြီးမြို့နယ် စည်ပင်သာယာရေးကော်မတီဝင် ဦးဇော်ဝင်းထူး ကလည်း ပြောဆိုခဲ့သည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာနမှ
အမှုဆောင်အရာရှိ ဦးနေလင်းကမူ မီးသင်္ဂြိုဟ်စက် တည်ဆောက်ရန်အတွက် ဌာနဘတ်ဂျက်ဖြင့် မဖြစ်နိုင်သေးကြောင်းနှင့်
အလှူရှင်များ ရှာဖွေလျက် ရှိကြောင်း ပြောဆိုခဲ့သည်။
.
လက်ရှိ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်ရှိ
တိုင်းရင်းသားပေါင်းစုံ သုသာန်အား ၂၀၀၀ ပြည့်နှစ်အတွင်းးက စိန်ပန်းရပ်ကွက်ရှိ ယခင်မြို့မသုသာန်ဟောင်း
နေရာမှ ပြောင်းရွှေ့တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.