ကမ္ဘောဇတိုင်း
.
တောင်ကြီးမြို့နယ်၊ နန်းဟောင်းကျေးရွာအုပ်စု၊ ရေသပြေကျေးရွာ၊
တောင်ကြီး-မိုင်းပျဉ်းသွားလမ်းတွင် ယမန်နေ့ ဇန်နဝါရီလ ၃၀ ရက်က မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း
သိရသည်။
.
.တောင်ကြီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော
ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၃၀ ရက်၊ နေ့လယ် ၂ နာရီခန့်က နန်းဟောင်းကျေးရွာအုပ်စု၊
ရေသပြေကျေးရွာ၊ တောင်ကြီး-မိုင်းပျဉ်းသွားလမ်းတွင် ရှောင်တခင် ပိတ်ဆို့စစ်ဆေးစဉ် မိုင်းပျဉ်းဘက်မှ
တောင်ကြီးဘက်သို့ တောင်ကြီးမြို့နယ်၊ နန်းဟောင်းကျေးရွာအုပ်စု၊ လုံးကေကျေးရွာနေ မောင်စု
မောင်းနှင်လာသော ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်း လွယ်ထားသည့် အိတ်အတွင်းမှ
WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂၉ ပြားအား သိမ်းဆည်းရမိခဲ့ကြောင်း
သိရသည်။
.
အလားတူ အဆိုပါနေရာတွင်ပင် ယင်းနေ့ နေ့လယ် ၂ နာရီခွဲခန့်က
တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ရွှေသူဌေးကုန်းရပ်နေ ဟိန်းလင်းအောင် မောင်းနှင်လာသော
မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းလွယ်ထားသည့် အိတ်အတွင်းမှ WY
စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားပါ တစ်ထုပ်၊ ၁၅၀ ပြားပါ တစ်ထုပ်၊
စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၃၅၀ အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍
တောင်ကြီးနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့်
အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.