ကမ္ဘောဇတိုင်း
.
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံ
X-Ray စက် စစ်ဆေးရေးနေရာတွင် ဇန်နဝါရီလ ၁၄ ရက်၊ နံနက် အစောပိုင်းက
တောင်ကြီးမြို့မှ ရန်ကုန်မြို့သို့ ခရီးသည်တင်ယာဉ်လိုင်းတစ်ခုဖြင့် လူမဲ့တန်ဆာ သယ်ဆောင်လာသည့်
စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား
၁၅ သိန်းအား သယ်ဆောင်ခိုင်းသူများနှင့်အတူ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
.
.မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ
တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် ၁ နာရီခန့်က သာစည် မြို့နယ်၊
ကျွဲတပ်ဆုံ X-Ray စက် စစ်ဆေးရေးနေရာတွင် တောင်ကြီးမှ
ရန်ကုန်သို့ စိုင်းမင်းအောင်လှိုင် မောင်းနှင်လာ သည့်
ခရီးသည်တင်မှန်လုံမော်တော်ယာဉ်ကို စစ်ဆေးရာ ယာဉ်ပေါ်တွင် လူမဲ့တန်ဆာဖြင့်
တင်ဆောင်လာသော ဆာလာအိတ်များအတွင်း လက်ဖက်ခြောက်များနှင့်ရောနှော၍
စိတ်ကြွရူးသွပ်ဆေးပြားထုပ် များ သိုဝှက်သယ်ဆောင် လာကြောင်းတွေ့ရှိခဲ့သဖြင့်
အဆိုပါမော်တော်ယာဉ်အား ရဲတပ်ဖွဲ့ဝင်များမှ လျှို့ဝှက် လိုက်ပါစောင့်ကြည့်၍ ရန်ကုန်မြို့၊ အောင်မင်္ဂလာကားဝင်းသို့ ဆက်လက်ထွက်ခွာစေခဲ့ပြီး
ယင်းဆာလာအိတ်များကို လာရောက်ထုတ်ယူသူ သန်းဇော်ဦး အား AD VAN မော်တော်ယာဉ်တစ်စီးနှင့်
အတူဖမ်းဆီးရမိခဲ့ကာ ဆာလာအိတ်များအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၁၀၀၀၀ အား သိမ်းဆည်းရမိခဲ့ကြောင်း
သိရသည်။
.
ဆက်လက်ပြီး စစ်ဆေးဖော်ထုတ်ချက်အရ
စိတ်ကြွရူးသွပ်ဆေးပြားများ လက်ခံမည့်သူ ရေခဲ(ခ)ကရင် အား မင်္ဂလာဒုံ မြို့နယ်၊
(၃/ခ)ရပ်ကွက်၊ (၇)လမ်း၊ အမှတ်(၂၁)နေအိမ်တွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်းထုတ်ယူရန်ကျန်ရှိနေသည့်
အောင်မင်္ဂလာအဝေးပြေးကားဝင်းရှိ အခြားယာဉ်လိုင်းကားဂိတ်တွင် ဆာလာအိတ်များအတွင်းမှ
စိတ်ကြွရူးသွပ် ဆေးပြား ၉၉၀၀၀၀ ပြား ထပ်မံသိမ်းဆည်းရမိသဖြင့် စုစုပေါင်း
စိတ်ကြွရူးသွပ်ဆေးပြား ၁၅ သိန်းအား သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ထို့အတူ အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများအား
လူမဲ့တန်ဆာ ပြုလုပ်၍ တောင်ကြီးမြို့ရှိ ကားဂိတ်များသို့ လာရောက်တင်ဆောင်ပေးသူ
မနန်းမြစိန်(ခ)မခမ်းအား တောင်ကြီးမြို့၊ ကန်ရှေ့ရပ်ကွက်၊ အရှေ့မြို့ပတ်လမ်းတွင်
မော်တော်ယာဉ် ၁ စီးဖြင့်လည်းကောင်း၊ မူးယစ်ဆေးဝါးများ ပို့ဆောင်ခိုင်းသူ
ခွန်ဌေးသန်း(ခ)ခွန်သူရ(ခ)ခွန်မောင်ပေ အား ညနေ ၅ နာရီအချိန်ခန့်တွင်
တောင်ကြီးမြို့၊ သစ်တောရပ်ကွက်တွင် မော်တော်ယာဉ် ၁ စီးဖြင့်လည်းကောင်း၊
စိတ်ကြွရူးသွပ်ဆေးပြားများပိုင်ရှင် အောင်ဇော်ထူး အား ည ၇ နာရီခွဲအချိန်တွင်
တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ ဟိုတယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၃၄၀ ပြား၊
မော်တော်ယာဉ် ၁ စီးဖြင့်လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှုနှင့်
ပတ်သက်၍ ပေးပို့/လက်ခံသူ ၅ ဦးတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ
အရေးယူထားပြီး သိမ်းဆည်းရမိသော စိတ်ကြွရူးသွပ် ဆေးပြားများမှာ
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့မှ သယ်ဆောင်၍ ရန်ကုန်မှတစ်ဆင့်
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့သို့ ထပ်ဆင့်ပို့ဆောင်ရောင်းချမည့် ပစ္စည်းများဖြစ်ကြောင်း
သိရသည်။
.