စုလှိုင်
.
တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက်၊ နှင်းဆီလမ်းရှိ
သက်တမ်းရင့် ကသစ်ပင်ကြီးကြောင့် လမ်းသွားလမ်းလာများ နှင့် အနီးပတ်ဝန်းကျင် နေထိုင်သူများအတွက်
အန္တရာယ် ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေရကြောင်း သိရသည်။
.
.“ဒီသစ်ပင်က အကိုင်းခဏခဏကျိုးကျတယ်။ ပုပ္ပါးဆေးခန်းက
ဆရာရယ်၊ ကျွန်မရယ် ခဏခဏ ရှင်းလင်းပေးခဲ့တယ်။ အခုကျတော့ သစ်ပင်က အရမ်းကြီးပြီး အန္တရာယ်ရှိတော့
၂၀၁၈ မှာ စည်ပင်ကို စာတင်တယ်။ စည်ပင်က ဒါဟာ ဆောက်လုပ်ရေး ဝိုင်းထဲကဆိုတော့ ဆောက်လုပ်ရေးကပဲ
တာဝန်ယူပြီး ရှင်းပေးပါဆိုပြီး ဘာမှ ထပ်မလုပ်ပေး တော့ဘူး။ အခုကျတော့ အပင်က အရမ်းကို
စောင်းလာတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို အကြောင်းထားပါတယ်” ဟု အဆိုပါ ကသစ်ပင်ဘေး နေထိုင်သူ
ဒေါ်လေးလေးဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ ယင်းကသစ်ပင်အနီးနေထိုင်သူ ဦးတင်စိုး ကလည်း
“ဒီသစ်ပင်က သက်ရင့်ပင်ကြီးပါ။ ခြောက်ပြီး လဲမလို ဖြစ်နေတာကြာပြီ။ စည်ပင်ကို စာတင်တော့
ဆောက်လုပ်ရေးနဲ့ သက်ဆိုင်တယ် ပြောတယ်။ ဟိုပုတ်၊ ဒီပုတ်နဲ့ ဘယ် ဌာနမှ လာမလုပ်ပေးဘူး။
ပြိုရင် ဓါတ်ကြိုးတွေ၊ ဆက်သွယ်ရေးကြိုးတွေ ထိခိုက်မှာ စိုးရတာပေါ့။ ဘယ်ဌာနကပဲ လာခုတ်ခုတ်
ခုတ်ဖို့ပဲ လိုတာပါ” ဟု ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
.
ယင်း သက်ရင်ပင်အား စည်ပင်သာယာရေးဌာနနှင့် ဆောက်လုပ်ရေးဌာနတို့မှ
လာရောက်ကွင်းဆင်းကြည့်ရှုပေးခြင်း မရှိသည့်အပြင် ခုတ်ယူရှင်းလင်းရန်အတွက် ပြင်ပမှ သစ်ခုတ်အဖွဲ့များထံ
အပ်နှံရာတွင်လည်း ကုန်ကျစရိတ် ၁၈ သိန်းခန့် ရှိမည်ဖြစ်သဖြင့် ဒေသခံများမှ ငွေကြေး မတတ်နိုင်ကြခြင်းဖြစ်ကြောင်း
သိရသည်။
.
“အဲဒီသစ်ပင်
က လမ်းပေါ်မှာပေါက်နေတာမဟုတ်ဘူး။ ဆောက်လုပ်ရေးဝင်းထဲမှာ ပေါက်နေတာ။ ကိုယ့်ဟာကိုယ် အကုန်အကျခံပြီး
သစ်ခုတ်သမားတွေခေါ်တော့ ဓါတ်ကြိုးတွေ၊ ဖုန်းကြိုးတွေအောက်မှာရှိနေတော့ မခုတ်ရဲဘူး။
ဆက်သွယ်ရေးက အသိ တစ်ယောက်ကို မေးကြည့်တော့ ကြိုးတွေ ဖြုတ်ပေးလို့မရဘူး။ မထိအောင် ခုတ်မှရမယ်လို့
ပြောတယ်။ ကရိန်းတွေ ခေါ်ပြီးလုပ်ရမှာဆိုတော့ ငှားခမတတ်နိုင်လို့ နားလိုက်ရတယ်” ဟု ပြည်တော်သာရပ်ကွက်
အုပ်ချုပ်ရေးမှူး ဦးပေါ်ဆန်းဦးက ပြောဆိုခဲ့သည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာနမှ
ဦးစိုင်းအောင်လင်းအား ဆက်သွယ်မေးမြန်း ရာတွင်မူ ၎င်းအနေဖြင့် ၂၀၁၈ ခုနှစ်က တောင်ကြီးသို့
မရောက်သေးသည့်အတွက် စာတင်ထားခြင်းကို မသိရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
.
ယင်း ကသစ်ပင်ကြီးသည် နှစ်ပေါင်း ၁၅၀ ကျော် သက်တမ်းရှိနေပြီဖြစ်ပြီး
လက်ရှိတွင် အမြစ်များ သေဆုံး၍ အကိုင်းများ ခြောက်သွေ့နေကာ မပြိုလဲစေရေးအတွက် ကြိုးများဖြင့်
ချည်နှောင်ထိန်းထားရကြောင်း သိရသည်။
.