ကမ္ဘောဇတိုင်း
.
တောင်ကြီးမြို့နယ်၊ နောင်လေကျေးရွာအုပ်စု၊ နောင်လေကျေးရွာတွင်
လူမရှိသည့် နေအိမ်မှ ပစ္စည်းများ ခိုးယူခဲ့သူ ၂ ဦးနှင့် ခိုးရာပါပစ္စည်း လက်ခံဝယ်ယူထားသူတို့အား
ယနေ့ ဇန်နဝါရီလ ၂၇ ရက်၊ နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.တောင်ကြီးမြို့နယ်၊ အေးသာယာမြို့နေ သန်းထွန်းအောင်
(ခ) သန်းစုနှင့် ဇနီးဖြစ်သူ ဌေးဌေးဝင်း (ခ) သမီးငယ် တို့သည် ဇန်နဝါရီလ ၂၆ ရက်၊ နံနက်ပိုင်းက
နောင်လေကျေးရွာအုပ်စု၊ နောင်လေကျေးရွာနေ ဒေါ်သန်းသန်း၏ နေအိမ်တွင် အိမ်ရှင်မရှိခိုက်
ဝင်ရောက်ခိုးယူနေစဉ် ယင်းနေအိမ်အား ပြင်ပမှ စောင့်ကြည့်ပေးနေသူ ဦးသိန်းဟန်က တွေ့မြင်သဖြင့်
စစ်ဆေးမေးမြန်းရာမှ ဇနီးဖြစ်သူ ဌေးဌေးဝင်း (ခ) သမီးငယ်ကို ဖမ်းဆီးရမိခဲ့ပြီး သန်းထွန်းအောင်
မှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။
.
ထို့နောက် ခိုးမှုကျူးလွန်သူ သန်းထွန်းအောင် (ခ)
သန်းစု ဆိုသူအား ဇန်နဝါရီလ ၂၇ ရက်၊ နံနက်အစောပိုင်းက ၎င်း နေထိုင်ရာ အေးသာယာမြို့၊
နယ်မြေ (၇)၊ အကွက်ကြီး (၉)၊ ဇောတိကလမ်းသွယ် အတွင်း၌ လမ်းလျှောက်လာစဉ် ဖမ်းဆီးရမိခဲ့ပြီး
၎င်း၏ ထွက်ဆိုချက်အရ နောင်လေကျေးရွာနေ ဒေါ်သန်းသန်း နေအိမ်မှ ပစ္စည်းများအား လွန်ခဲ့သည့်
တစ်လခန့်ကတည်းက ခိုးယူခဲ့ခြင်းဖြစ်ပြီး ခိုးယူခဲ့သည့် LG အမျိုးအစား
၄၂ လက်မ တီဗွီ ကို ငွေကျပ် ၂ သိန်းဖြင့် တစ်ရပ်ကွက်တည်းနေ ဒေါ်နှင်းကြည်ထံတွင် ပြန်လည်ရောင်းချခဲ့ကြောင်း
သိရသဖြင့် ဒေါ်နှင်းကြည်၏ နေအိမ်အားသွားရောက်စစ်ဆေးကာ သက်သေခံတီဗွီကို ရှာဖွေပုံစံဖြင့်
ပြန်လည်သိမ်းဆည်းခဲ့ကြောင်း သိရသည်။
.
အဆိုပါ အမှုနှင့် ပတ်သက်၍ ပစ္စည်းခိုးယူသူ သန်းထွန်းအောင်
(ခ) သန်းစု၊ ဌေးဌေးဝင်း (ခ) သမီးငယ်နှင့် ခိုးရာပါပစ္စည်း လက်ခံဝယ်ယူထားသူ ဒေါ်နှင်းကြည်တို့
၃ ဦးအား ဖမ်းဆီးပြီး အမှုဖွင့်အရေးယူနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.