အောင်ဆန်းဝင်း
.
တောင်ကြီးမြို့၊ ကန်အောက်ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းတွင်
ယမန်နေ့ ဇန်နဝါရီလ ၁၅ ရက်၊ နံနက်ပိုင်းက ငွေကျပ် သိန်း ၃၀ အား ခိုးယူသွားသူကို ၁၂ နာရီအတွင်း
ဖော်ထုတ်ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
.
တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်နေ လိမ္မော်ဖြူအရက်ကုမ္ပဏီမှ
ယာဉ်မောင်း ကိုရဲမင်းထွေးသည် ဇန်နဝါရီလ ၁၅ ရက်၊ နံနက် ၁၀ နာရီခန့်က Canter အမျိုးအစားမော်တော်ယာဉ်အား ကန်အောက်ရပ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ လိမ္မော်ဖြူအရက်ကုမ္ပဏီရှေ့တွင်
ရပ်ထားခဲ့ပြီး ယာဉ်ရှေ့ခန်းတွင် ငွေကျပ် သိန်း ၃၀ အား ထားရှိခဲ့ရာမှ အမည်မသိ လူတစ်ဦးက
ခိုးယူထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ ငွေသားများ ပျောက်ဆုံးမှုနှင့် ပတ်သက်၍
ကိုရဲမင်းထွေးမှ တောင်ကြီးမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်တန်း သဖြင့် တောင်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူး
ရဲမှူး နေမျိုး၏ အနီးကပ် လမ်းညွှန်မှု၊ တောင်ကြီးမြို့မရဲစခန်းမှူး ဒုရဲမှူး ထက်နိုင်ဟိန်း၏
ကြီးကြပ်မှုဖြင့် ရဲတပ်ဖွဲ့ဝင်များမှ ပျောက်ဆုံးသည့် နေရာ အနီးရှိ CCTV မှတ်တမ်းများ ကြည့်ရှုခြင်း၊ မသင်္ကာဖွယ် တရားခံများအား လိုက်လံရှာဖွေစစ်ဆေးခြင်းများ
ပြုလုပ်ခဲ့ရာ ယင်းနေ့ ညနေ ၆ နာရီချိန်တွင် ကန်အောက် ရပ်ကွက်၊ ရေမြောင်းအတွင်း ကျူးလွန်သူ
သက်နိုင်ထွေး (ခ) ဖိုးသားငယ် အား သက်သေခံပစ္စည်း များနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ ငွေကျပ် သိန်း ၃၀ အား ခိုးယူသွားသူ သက်နိုင်ထွေး
(ခ) ဖိုးသားငယ်အား တောင်ကြီးမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်အရေးယူ
ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
အလားတူ တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်း၊ နဂါးပွက်ကျောင်းလမ်းဆုံ
မီးပွိုင့်အနီးတွင် ယမန်နေ့ ဇန်နဝါရီလ ၁၅ ရက်၊ ညနေပိုင်းက လက်ကိုင်ဖုန်းတစ်လုံးနှင့်
ငွေကျပ် ၁၃၀၀၀ ခိုးယူခံရမှု ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူကို ဖော်ထုတ် ဖမ်းဆီး ရမိခဲ့ကြောင်း
သိရသည်။
.