အောင်ဆန်းဝင်း
.
တောင်ကြီးမြို့၊ စဝ်စံထွန်းဈေး အဆင့်မြှင့်တင်
ပြုပြင်ရာတွင် မူလဈေးဆိုင်ခန်းပိုင်ရှင်များ၏ သဘောထားကို ဦးစားပေး
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တောင်ကြီးမြို့နယ်စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်
ဦးဇော်ဝင်းထူးက ပြောဆို ခဲ့သည်။
.
.“နဂိူမူလ ပိုင်ရှင်တွေရဲ့ သဘောထားကို ကျွန်တော်တို့က
ပိုပြီးတော့မှ ဦးစားပေး စဉ်းစားရမှာပေါ့။ သူတို့လည်း အခမဲ့ ပြန်ရမယ်၊
အဆောက်အဦတွေလည်း ဖွံ့ဖြိုးတိုးတက်လာမယ်၊ ယာဉ်ရပ်နားမှုတွေလည်း ပိုပြီး
အဆင်ပြေလာမယ် ဆိုတဲ့ ပုံစံဖြစ်တဲ့အတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီ အနေနဲ့
လက်ခံပေးထားတာ ရှိပါတယ်” ဟု ဦးဇော်ဝင်းထူး က ပြောသည်။
.
အဆိုပါ စဝ်စံထွန်းဈေး အဆင့်မြှင့်တင်
ပြုပြင်ရန်အတွက် ပြင်ပလုပ်ငန်းရှင်များအား စိတ်ဝင်စားမှု အဆိုပြုလွှာ EOI ခေါ်ယူခဲ့ရာ လက်ရှိတွင် လုံမောကုမ္ပဏီနှင့် ညှိနှိုင်းသည့်အဆင့်အထိ
ရောက်ရှိနေပြီဖြစ်ပြီး ကုမ္ပဏီဘက်မှ ငွေကျပ် သိန်းပေါင်း ၄ သိန်းကျော်
အကုန်အကျခံကာ ရင်းနှီးမြှုပ်နှံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
.
“ပြည်နယ်နဲ့ ညှိဖို့အပိုင်းတွေ၊ စာချုပ်
ချုပ်ဆိုဖို့အပိုင်းတွေတော့ ရှိသေးတယ်။ အောက်ခြေမှာလည်း မူလ ဈေးဆိုင်ခန်း
ပိုင်ရှင်တွေနဲ့ တွေ့ဖို့ ကျွန်တော်တို့ မြို့နယ်စည်ပင်ကော်မတီကနေ ဆောင်ရွက်ပေးရမှာ
ကျန်နေသေးတယ်။ ဈေး အကျိုးတော်ဆောင် အဖွဲ့နဲ့တော့ ပထမအကြိမ် တွေ့ပြီးသွားပါပြီ” ဟု
ဦးဇော်ဝင်းထူးက ဆက်လက်ပြောဆိုခဲ့သည်။
.
စဝ်စံထွန်းဈေးအား အဆင့်မြင့်ဈေးအဖြစ်
တည်ဆောက်မည့်ကိစ္စနှင့် ပတ်သက်၍ ယင်းဈေးအတွင်းရှိ ဈေးဆိုင်ခန်း ပိုင်ရှင်များနှင့်
ပျံကျဈေးသည်များ၊ ဈေးသူ/သားများမှ ကန့်ကွက်မှုများလည်း ရှိနေသည်ဟု သိရသည်။
.
ဈေးသူ/သားများ အနေဖြင့် စဝ်စံထွန်းဈေးအား
အဆင့်မြင့်ဈေးအဖြစ် တည်ဆောက်ရာတွင် ၆ ထပ် အဆောက်အဦ အဖြစ် ဆောက်လုပ်မည် ဟုသာ
သိရှိထားသော်လည်း အဆင့် မြင့်ဈေး ဆောက်လုပ်မည့် ကိစ္စနှင့် ပတ်သက်၍
ပွင့်လင်းမြင်သာမှု မရှိ ကြောင်းနှင့် ရှမ်းပြည်နယ်အစိုးရ အနေဖြင့် ပြည်သူလူထု၏
သဘော ဆန္ဒကို အလေးထား လုပ်ဆောင် ပေးစေလိုကြောင်း ပြောဆိုထားသည်။
.
စဝ်စံထွန်းဈေးအတွင်း ဈေးရုံ ၄ ရုံ၊
ဈေးဆိုင်ခန်းပေါင်း ၈၃၂ ခန်း ရှိပြီး ပျံကျဈေးသည် ၃၀၀ ခန့်ရှိကြောင်း သိရသည်။
.