အောင်ဆန်းဝင်း
.
တောင်ကြီးမြို့၊ မြကန်သာရေကန်နှင့် ပန်းခြံ အဆင့်မြှင့်တင်
တည်ဆောက်ရေးအတွက် စိတ်ဝင်စားမှု အဆိုပြုလွှာ တင်သွင်းထားသည့် ကုမ္ပဏီများကို ဇန်နဝါရီလ
၂၉ ရက်တွင် စိစစ်သွားမည်ဖြစ်ကြောင်း သိရသည်။
.
.“မြကန်သာ ပန်းခြံကြီးတစ်ခုလုံးက မြေအသုံးချမှုမရှိတော့
ဘာဝင်ငွေမှ မရတဲ့အတွက် ဝင်ငွေတိုးလာအောင် ဆိုပြီး လုပ်ငန်းရှင်တွေကို ဘယ်လိုပုံစံမျိုး
လုပ်မယ် ဆိုတာ စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI) ခေါ်ထားတာရှိတယ်။
၂၉ ရက်နေ့ ကျရင် ဖွင့်ဖောက်စစ်ဆေးပါမယ်။ ပွင့်လင်းမြင်သာစွာနဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်”
ဟု တောင်ကြီးမြို့နယ်စည်ပင် သာယာရေးကော်မတီဝင် ဦးဇော်ဝင်းထူးက ပြောသည်။
.
မြကန်သာပန်းခြံ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက်
မြန်မာနိုင်ငံသားလုပ်ငန်းရှင် ရာနှုန်းပြည့် ရင်းနှီး မြှုပ်နှံမှုဖြင့် ဆောင်ရွက်ရန်
စိတ်ဝင်စားမှု အဆိုပြုလွှာများကို ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလအတွင်းက ကြော်ငြာ
ခေါ်ယူဖိတ်ခေါ်ခဲ့ခြင်းဖြစ်ပြီး ကုမ္ပဏီ ၄ ခုမှ အဆိုပြုလွှာများ တင်သွင်းထားကြောင်း
သိရသည်။
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်းနှင့်
ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင် ကလည်း မြကန်သာပန်းခြံ အဆင့် မြှင့်တင် ပြုပြင်ရာတွင်
ကျန်းမာရေးအတွက် လျှောက်လမ်းများ၊ သဘာဝပတ်ဝန်းကျင်၊ သစ်တောသစ်ပင်နှင့် ရေထွက် များကို
အဓိကထား ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူများ အပန်းဖြေအနားယူရာနေရာ ဖြစ်သည့်အတွက် ဈေးဆိုင်
များနှင့် အရက်ဘားများ၊ ဘီယာဆိုင်များ၊ ဟိုတယ်နှင့် အထပ်မြင့်အဆောက်အဦများကို ထည့်သွင်းဆောင်ရွက်ခွင့်
ပြုမည် မဟုတ်ကြောင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ (Facebook) မှ တစ်ဆင့် ပြောဆိုထားသည်။
.
မြကန်သာပန်းခြံနှင့် ရေကန်သည် အကျယ်အဝန်း ၇ ဒသမ
၅၈၄ ဧက ရှိပြီး အနားယူအပန်းဖြေရာနေရာ တစ်ခု အဖြစ်သာမက တောင်ကြီးမြို့ပေါ်ရပ်ကွက်များသို့
သောက်သုံးရေ ဖြန့်ဝေပေးနေသည့် ရေကန်တစ်ခုလည်း ဖြစ်သည်။
.
ယခင်က မြကန်သာပန်းခြံအတွင်း ကလေးကစားကွင်းနှင့် ဖျော်ဖြေရေးအစီအစဉ်များကို
လုပ်ဆောင်ခဲ့ဖူးသော်လည်း ဆက်လက်ထိန်းသိမ်းထားနိုင်ခြင်းမရှိသဖြင့် လက်ရှိတွင် လုပ်ငန်းများအားလုံး
ရပ်ဆိုင်းနေပြီး လက်ရှိတွင် ပန်းခြံ အတွင်း KTV ဆိုင် တစ်ဆိုင်နှင့်
ကုန်စုံဆိုင် ၁ ဆိုင်သာ ကျန်ရှိတော့ကြောင်း သိရသည်။
.